၁၆.၅. ၂၀၂၄
Written by Shwe Phyo
မြန်မာအစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်နိုင်ရန်အတွက် ရုရှားနိုင်ငံနှင့်ဆွေးနွေးလျက်ရှိနေပြီး မြန်မာအစိုးရသည် ရေနံချက်စက်ရုံများပါဝင်မည့် အထူးစီးပွားရေးဇုန်တည်ဆောက်မှုနှင့်အတူ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းတွင် ရုရှားနိုင်ငံ ပါဝင်ရင်းနှီးမြှုပ်နှံစေရန် လိုလားနေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသော လေ့လာဆန်းစစ်မှုများကို ကနဦးလုပ်ဆောင်ခဲ့သော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းအစား ကျောက်ဖြူဆိပ်ကမ်းကို ပိုမိုအာရုံစိုက်လုပ်ကိုင်ရန်အစီအစဉ်ပြောင်းလဲခဲ့သည်။
သို့သော် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်မည့်နေရာသည် တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိနေပြီး ကမ္ဘောဒီးယား၊ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့ ပါဝင်သော Greater Mekong Sub-region (GMS)အဖွဲ့ဝင်နိုင်ငံများ၏ အဓိကအရေးပါသော Gateway လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရသည် နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို ဟန်ချက်ညီအောင်ထိန်းသိမ်းနိုင်ရန်အတွက် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ကြိုးပမ်းနေရာ အဆိုပြုထားသော ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ရုရှားနှင့်မြန်မာနိုင်ငံကြားဆွေးနွေးနေကြောင်း သိရသည်။
မြန်မာအစိုးရသည် တစ်ရက်ကို ရေနံစည်ပေါင်း ၁ သိန်း ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံအပြင် တန်ချိန် ၁၀ သန်းခန့်အထိ တင်ဆောင်ဖြတ်သန်းနိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် စဉ်းစားနေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်ရုရှားနိုင်ငံပါဝင်လာမည်ကို စိုးရိမ်နေကြောင်း၊ အဆိုပါစီမံကိန်းတွင် ရုရှားနိုင်ငံပါဝင်မည်ဆိုပါက တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် ကျောက်ဖြူစီမံကိန်းကို ထိခိုက်ရဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာအစိုးရသည် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုများကို လျှော့ချနေပြီး ရုရှားနိုင်ငံနှင့် စစ်လက်နက်ပစ္စည်းအကူအညီပိုင်းနှင့် အခြေခံဆောက်အဦစီမံကိန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးသည် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေးအပြင် အခြားစွမ်းအင်စီမံကိန်းကိစ္စများကိုဆွေးနွေးရန် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။