၁၆. ၅. ၂၀၂၄
Written by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ ၃၄ ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံမှာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုတစ်ခုဖြစ်တဲ့ AFC Distinguished Service Award ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဒီနေ့မှာ ပေးအပ်ချီးမြှင့်လိုက်ပြီး ဒီလိုချီးမြှင့်ရတာက ဦးဇော်ဇော်ရဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများစွာနဲ့ အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာဆောင်ရွက်ခဲ့မှုများစွာအတွက် ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး FIFA ဥက္ကဋ္ဌ Mr Gianni Infantino နဲ့ AFC ဥက္ကဋ္ဌ Mr SHAIKH SALMAN BIN EBRAHIM AL KHALIFA တို့ကိုယ်တိုင် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
AFC Distinguished Service Award ဆုတံဆိပ်ဟာ အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ်ထမ်းရွက်မှု၊ ဘောလုံးအားကစားနဲ့အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများစွာအတွက် ဂုဏ်ပြုပေးအပ်တဲ့ ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုဖြစ်ပါတယ်။
အခမ်းအနားမှာ အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr Datuk Seri Windsor John က ဦးဇော်ဇော်ဟာ ကိုဗစ်ကပ်ရောဂါ ဆိုးရွားစွာရင်ဆိုင်ရချိန် ရန်ကုန်မြို့မှာ ICU/HDU ပါ ကုတင်(၁၀၀၀) ကိုဗစ်စင်တာ၊ မန္တလေးမြို့မှာ (၃၇၅)ကုတင်ဆံ့ ကိုဗစ်စင်တာတို့ကို တည်ဆောက်ပြီး ကိုဗစ်လူနာ (၁၂၀၀၀)ကျော်ကို အခမဲ့ ကုသပေးခဲ့တာ၊ အခမဲ့ကိုဗစ်စစ်ဆေးရေးစင်တာများကိုလည်း ဆောက်လုပ်ပြီး လူဦးရေ (၂၂၀၀၀)ကျော်ကို စစ်ဆေးပေးခဲ့တာတွေအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူချိန်ကစပြီး ဘောလုံးလောကနဲ့ လူသား အကျိုးပြုလုပ်ငန်းစဉ်များမှာ အစဉ်တစိုက် တက်ကြွစွာ ပါဝင်ခဲ့ခြင်းတို့ကြောင့် အခုလို ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဦးဇော်ဇော်ဟာ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ Senior Vice President အဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌ၊ AFC Dream Asia Foundation ဘုတ်အဖွဲ့ဝင် စတဲ့တာ၀န်တွေနဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းစဉ်များစွာမှာ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
ဒါပေမဲ့လည်း မြန်မာ့ဘောလုံးအဆင့်တွေက ကျဆင်းနေတဲ့အပြင် မြန်မာနိုင်ငံက ဦးဇော်ဇော်ရဲ့ ကိုဗစ်စင်တာတွေဟာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်မှာ ပိတ်သိမ်းသွားခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လုပ်မှုဖြစ်စဥ်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးသူတွေကို PDF တွေက တိုက်ခိုက်သတ်ဖြတ်တာကြောင့် ကိုဗစ်တတိယလှိုင်းမှာ မြန်မာနိုင်ငံအထိနာခဲ့ပြီး တရားဝင်စာရင်းတွေအရ လူသောင်းနဲ့ချီ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ Exile Media အချို့ကတော့ တရားဝင်ထုတ်ပြန်ချက်တွေထက် အဆများစွာပိုမိုသေဆုံးတယ်လို့ လှုံ့ဆော်ရေးသားခဲ့ကြပါတယ်။