၁၆. ၅. ၂၀၂၄
Written by Thettant
KNU နဲ့ PDF တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာကြောင့် ဒေသမတည်ငြိမ်လို့ မြဝတီမြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ် ၁၅ ခုရဲ့ ဘဏ်ခွဲ ၂၀ ဖွင့်လှစ်ထားရာက ပုဂ္ဂလိကဘဏ် ၁၃ ခု ယာယီပိတ်သိမ်းခဲ့ပေမဲ့ လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ် ၅ ခု ပြန်ဖွင့်ထားပြီလို့ ဗဟိုဘဏ်က ဒီနေ့ပြောပါတယ်။
“မြဝတီမြို့မှာ ဘဏ်တွေ ဘယ်နေ့လောက် ပြန်ဖွင့်ပေးနိုင်မယ်ဆိုတာ သိလိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကနေ မေလ ၁၅ ရက်နေ့အထိ မြဝတီမြို့က ဘဏ်တွေပိတ်ထားတာဖြစ်ပါတယ်။ MEB တစ်ခုထဲသာ ဝန်ထမ်း၊ အငြိမ်းစားလစာထုတ်ရက်မှာ ဖွင့်ပေးနေတာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ ပြင်ပငွေလွှဲလုပ်ကိုင်သူတွေထံ ရာခိုင်နှုန်းအများကြီးပေးပြီး ငွေထုတ်ယူနေရတယ်လို့ သိရလို့ပါ”လို့ မေးမြန်းမှုကို ဗဟိုဘက်က ဖြေဆိုရာမှာ အထက်ပါအတိုင်း ထည့်သွင်းဖြေဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ KIA နဲ့ PDF တွေဟာ ကောလင်းမြို့ကိုသိမ်းချိန်မှာ အစိုးရဘဏ်တွေရော၊ ပုဂ္ဂလိကဘဏ်တွေကငွေတွေကိုပါ လုယက်သွားခဲ့တာဖြစ်ပြီး ဒီလုယက်မှုမှာ ကျပ်ဘီလျံ ၅၀ ကျော်ဆုံးရှုံးခဲ့တာကြောင့်လည်း KNU နဲ့ PDF တွေက မြဝတီမြို့ကို သိမ်းဖို့ ကြံစည်တိုက်ခိုက်ချိန်မှာ ပုဂ္ဂလိကဘဏ်တွေက ယာယီပိတ်ခဲ့တာလည်းဖြစ်ပါတယ်။
“မြဝတီမြို့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB)၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)၊ CB Bank PCL ၊ မြဝတီဘဏ်လီမိတက် (MWD)၊ ရိုးမဘဏ်လီမိတက်(Yoma)၊ မြန်မာ အရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ)၊ အင်းဝဘဏ်လီမိတက် (Innwa)၊ ဧရာဝတီဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (AYA Bank PCL)၊ ယူအေဘီဘဏ်လီမိတက် (uab)၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် လီမိတက် (SMEDB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်(GTB)၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A Bank)၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (G Bank)နှင့် မြန်မာ့ခရီးသွားဘဏ်လီမိတက် (MTB) စသည့် ပုဂ္ဂလိကဘဏ် (၁၅)ဘဏ်က စုစုပေါင်းဘဏ်ခွဲ (၂၀) ခု ဖွင့်လှစ်ထားပါတယ်။ အဆိုပါပုဂ္ဂလိကဘဏ်(၁၅)ဘဏ်အနက် ဘဏ်(၁၃)ခု (MCB ၊ CB Bank PCL ၊ MWD ၊ Yoma MOB | KBZ | Innwa | AYA Bank PCL | uab | GTB A Bank | G Bank & MTB) နယ်မြေဒေသအခြေအနေအရ ယင်းတို့၏ သက်ဆိုင်ရာဘဏ်ခွဲများအား ယာယီပိတ်သိမ်း ခွင့်တင်ပြခဲ့သဖြင့် ပိတ်သိမ်းခွင့်ပြုခဲ့ပြီး ယခုအခါ နယ်မြေအခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်ပါသဖြင့် ဘဏ်(၅)ခု (MCB ၊ CB Bank PCL ၊ Yoma ၊ MOB နှင့် uab) တို့မှ ပြန်လည် ဖွင့်လှစ်ခွင့်တင်ပြလာပါသဖြင့် ဖွင့်လှစ်ခွင့်ပြုပြီးဖြစ်၍ အဆိုပါဘဏ်များမှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ဗဟိုဘဏ်က ပြောပါတယ်။