၁၆.၅.၂၀၂၄
translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် တို့ဟာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ မေလ ၁၆ ရက်နံနက်ပိုင်းက သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံ သမ္မတအဖြစ် ငါးကြိမ်မြောက်ရွေးချယ်ခံခဲ့ရတဲ့ ပူတင်က ပဉ္စမမြောက်သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုအပြီး တရုတ်နိုင်ငံသို့ရောက်ရှိလာတာပါ။ ရှီကလည်း ပူတင်ရဲ့ခေါင်းဆောင်မှုအောက်မှာ ရုရှားပြည်သူတို့အတွက်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုပိုရမယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့အကြားဆက်ဆံရေးက ၂၀၂၃ ခုနှစ် အတွင်း ပိုမိုတိုးတက်လာခဲ့ပါတယ်။ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၇၅ နှစ်ပြည့်မြောက်တဲ့အခမ်းအနားကို ဒီနှစ်မှာ ကျင်းပနိုင်ခြင်းကလည်း အင်အားကြီးနှစ်နိုင်ငံအကြား နှစ်ဖက်အကျိုးတူဆက်ဆံရေးကို ၂၀၂၄ ခုနှစ်မှာ တိုးတက်လာစေဖို့ ရည်ရွယ်ခြင်းလို့ဆိုရမှာပါ။
တရုတ်သမ္မတ ရှီ ကလည်း ၇၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အနိမ့်အမြင့်၊ အတက်အကျတွေရှိခဲ့ပေမယ့် အိမ်နီးချင်းတွေလည်းဖြစ်ကြတဲ့ အင်အားကြီးနှစ်နိုင်ငံအနေနဲ့ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု၊ ပွင့်လင်းမှု၊ရင်းနှီးချစ်ကြည်မှုနဲ့ နှစ်ဖက်အကျိုးတူရှိစေမှု ဆိုတဲ့အချက်တွေအပေါ်အခြေခံပြီး တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း သူနဲ့ပူတင်ဟာ အကြိမ် ၄၀ ကျော် အနီးကပ်ဆက်သွယ်မှုပြုခဲ့တာကလည်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးမှုကိုတိုးတက်စေခဲ့တယ်လို့ ရှီကပြောခဲ့ပါတယ်။
ပူတင်ကလည်း နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်မှုကအပြည်ပြည်ဆိုင်ရာနယ်ပယ်မှာ တည်ငြိမ်အေးချမ်းမှုကို ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
၇၅ နှစ်ပြည့်မြောက်တဲ့ ရုရှားနဲ့တရုတ် သံတမန်ဆက်ဆံရေးက ပိုမိုကောင်းမွန်လာနေတဲ့အပြင် နှစ်နိုင်ငံ ပိုမိုစည်းလုံးမှုရှိလာခြင်းက အမေရိကန်နဲ့အနောက်အုပ်စုအဖို့ သတိပြုစရာဖြစ်နေရပါတယ်။
Ref , Xinhua, CNA