၁၆.၅.၂၀၂၄
Written By Thandar
ဆင်ဆာကျပြီး ရုံတင်ပြသခွင့်မရသေးတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင် ကိုယ်တိုင် ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရှင်ကားကြီးကို သက်ကြီးလူရွှင်တော်များအား ကန်တော့နိုင်ရန်အတွက် ပြန်လည်ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။
“ဒီဇာတ်ကားရိုက်ထားတာ ၇ နှစ်လောက်ရှိပါပြီ။ ကျွန်တော့်အနေနဲ့ အမြတ်လေးများရမလားဆိုပြီး ၅ သိန်းစုလိုက်၊ ၃ သိန်းစုလိုက် စုပြီး ရိုက်ခဲ့တဲ့ ဇာတ်ကားပါ။ အနုပညာရှင်တွေ အများကြီးပါတယ်ဆိုပေမယ့် အခုချိန်က အရမ်းဟော့နေတဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေတော့ မပါဘူးပေါ့။ ထုတ်လုပ်တဲ့သူကလည်း လူရွှင်တော်ဆိုတော့ နာမည်ကြီး ထုတ်လုပ်ရေးတွေ နာမည်ကြီးမင်းသားတွေပါမှ ရုံတင်ခွင့်ရတဲ့ အနေအထားမှာ ကျွန်တော့်ဇာတ်ကားက လက်ထဲမှာ ဆင်ဆာကြီးကိုင်ပြီး ဘယ်သူ့ကိုအဖေခေါ်ရမှန်းမသိတဲ့ အနေအထားဖြစ်နေတာပါ။ ခုချိန်မှာ ကျွန်တော်မှာ အလုပ်လည်းမရှိဘူး။ ပွဲလည်းမရှိဘူး။ ရှိတဲ့အိမ်ခြံတွေရောင်းလို့ကုန်ပြီ။ ကိုယ်ကမရှိတော့ ကျွန်တော်ရဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို ထောက်ပံ့ချင်တာလည်း မထောက်ပံ့နိုင်ဘူး။ တစ်နေ့ကပဲ ဆေးမကုနိုင်လို့ သက်ကြီး လူရွှင်တော်တစ်ယောက်သေသွားပြီ။ ကျွန်တော်အရမ်းစိတ်မကောင်းလို့ ဇာတ်ကားကို ရောင်းမယ်ဆိုတဲ့ ပို့စ်တင်လိုက်တာပါ။ တကယ်လည်းရောင်းမှာပါ။ ကိုယ့်အတွက်ရည်ရွယ်ပြီး ရိုက်ခဲ့ပေမယ့် ခုကတော့ သက်ကြီးလူရွှင်တော်ကြီးတွေကို ကန်တော့ချင်လို့ ရောင်းမှာပါ” လို့ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်က MT Entertainment ကို ပြောပါတယ်။
သူဟာ ၁၄ ကြိမ်မြောက် အဆင်မပြေ ဒုက္ခရောက်နေကြတဲ့ “သက်ကြီးလူရွှင်တော်ကြီးတွေ ” ကန်တော့ဖို့အတွက် ဒီဇာတ်ကားကြီးကို ပြန်လည်ရောင်းချတာလည်းဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို လွန်ခဲ့တဲ့ ၇ နှစ်ကျော်က နာမည်ကြီး အနုပညာရှင်ပေါင်းများစွာနဲ့ ဒိန်းဒေါင်ကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
ဟာသဇာတ်လမ်းပုံစံ “တာဝန်ယူချင်လွန်းလို့ပါ” ရုပ်ရုင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင် ၊ အောင်ရဲလင်း ၊ ကောင်းပြည့် ၊ စိုင်းလွှမ်း ၊ ဒိန်းဒေါင် ၊ စိုးမြတ်သူဇာ ၊ မြတ်ကေသီအောင် ၊ အေးမြတ်သူ ၊နန်းဆုရတီစိုး ၊ ရွှေပိုးအိမ် ၊ မေပန်းချီ ၊ ဝါဝါအောင် ၊ သန်းသန်းစိုး စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။