၁၆.၅.၂၀၂၄
Written by TZ
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းမြစ်အတွင်း တားမြစ်ထားသည့်နေရာအား ရေကစားသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ရာမှ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေနစ်သေဆုံးမှုဖြစ်စဥ်မှာ မေလ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ပေါင်းလောင်းမြစ်အတွင်း ကန့်သတ်ထားသည့်နေရာ ရေကစားရင်း ရေနစ်သွားကြောင်း သတင်းရရှိသောကြောင့် ဒေသခံလူမှုကူညီရေးအသင်းများနှင့် ရေငုပ်အဖွဲ့မှ လိုက်လံရှာဖွေရာ ၁ နာရီ ၄၅ မိနစ်အချိန်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းသာတွေ့ရှိပြီး၊ မေလ ၁၆ ရက် နေ့လည် ၁ နာရီခွဲ အချိန်တွင် ထပ်မံရှာဖွေရာ ကျည်တောင်တံတားအနီးတွင် အမျိုးသမီးတစ်ဦးကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“စားသောက်ဆိုင်တွေမရှိတဲ့နေရာမှာ ရေနစ်တာ။ တားမြစ်နယ်မြေမှာ နစ်တာ။ မြစ်အတွင်း ရေကလည်းလွှတ်ထားတာ။ ရေကလည်းတော်တော်နစ်တယ်” ဟု ပေါင်းလောင်းမြစ်အနီး နေထိုင်သည့် ပြည်သူတစ်ဦးက MT News သို့ပြောသည်။
ရေနစ်သေဆုံးသူများမှာ အသက် ( ၂၁) နှစ်ဝန်းကျင်ရှိသူများဖြစ်ပြီး အမျိုးသားမှာ ပုဗ္ဗသီရိမြို့နယ်၊ သရက်သမိန်ကျေးရွာတွင် နေထိုင်သူနှင့် အမျိုးသမီးမှာ ထိုကျေးရွာနှင့်ရွာတစ်ရွာခြားသည့် စပ်ကုန်းရွာသူဖြစ်ကြောင်း ရုပ်အလောင်းများကို နေအိမ်အသီးသီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပေါင်းလောင်းမြစ်အတွင်း နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ မေလ ၁၅ ရက်အထိ ရေကစားပြီး ရေနစ်သေဆုံးသူ ၆ ဦးခန့်ရှိခဲ့သည်။