October 18, 2024

MT News

Written By Naddy

“ အမတော် မြနန်းနွယ်” ဇာတ်လမ်းတွဲ ရိုက်ကူးရေးမှ ဧရာဝတီသင်္ဘောကြီးရေချပွဲ ဇာတ်လမ်း/သရုပ်ဆောင်များ ဘေးကင်းရန်ရှင်း ပဋ္ဌာန်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံတောင်ပိုင်းမြို့နယ် ၆၅ရပ်ကွက် ၊ Tosta အိမ်ယာ၌ ကျင်းပသည်။

“ကိုယ့်လုပ်နေတဲ့ အလုပ်ကတော့ ဘာသာရေးအလုပ်ပါ။ ပဋ္ဌာန်းဆက်တွေ တော်စပ်ရာကနေ ပေါ်လာတယ်။အိပ်မက်တွေထဲ အကြောင်းအရာတစ်ခုရခဲ့တယ်။

ကိုယ့်မသိတဲ့ လူတစ်ယောက်က လက်ထဲကို အိတ်ကလေးထည့်ပေးပြီး ဗိုလ်တထောင်ကမ်းနားဘက်ကို ထွက်သွားခဲ့တယ်။ အိတ်ဖွင့်ကြည့်တော့ အစ်မတော်မြနန်းနွယ်ပုံနဲ့ ငွေ ၅ သောင်းပါနေတယ်​။ အဲဒီလိုကနေ အဆက်ဆက်တွေထပ်ပေးလာတယ်။ အိပ်မက်ထဲက ညွှန်ကြားချက်အတိုင်း ရုပ်တုတွေ၊ ပုံတော်တွေ ဖန်တီးပြီးတော့ ရိုက်ကူးဖို့အတွက် အကောင်အထည်ဖော်ဖြစ်တာပါ။ မြစိမ်းရောင်မင်းသမီးရဲ့အလုပ်ကို မိမိနိုင်တဲ့ဘက်က ထမ်းဆောင်ထားပါတယ်”ဟု ဒါရိုက်တာ ကျော်ဟိန်းကျော်က ပြောသည်။

အဆိုပါ ဇာတ်လမ်း ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ကျော်ဟိန်းကျော် ရိုက်ကူးသည် ကမ္ဘာကသိတဲ့ မြနန်းနွယ် ဇာတ်လမ်းတွဲ သဒ္ဓိတင်ရေချပွဲ အားရဟန်းသံဃာရှင်လူတို့အတွက် ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။ဒီဇင်ဘာ ၂ဝရက်တွင်လည်း ဆရာတော်ကြီးကြွရောက် တရားပေးမည်ဖြစ်သည်။

“ပန်းချီ ပန်းပု ရုပ်လုံး ပလာစတာ ဆီလီကွန်အထိပညာရပ်တွေကို တတ်ကျွမ်းခဲ့တယ်။ တတ်ကျွမ်းတာလည်း မျိုးရိုးအစဉ်အဆက်ရှိတယ်။ ဝါးတစ်စည်းနဲ့ အရုပ်တွေဖြစ်အောင် လုပ်နိုင်ပါတယ်။ နှီးဘုရားဆိုလည်း အဘလုပ်ခဲ့ဖူးတယ်။ ဒီဘက်ခေတ်မှာ အစီအမံတွေနဲ့ အရုပ်တွေကို လှအောင်လုပ်တယ်။ ဒါပေမယ့် မနက်မိုးလင်းရင် အရုပ်တွေက ပြားနေတယ်။ ဝါးတွေ ကိုင်းကန်ပြီးတော့ တစ်မျိုးဆီဖြစ်နေတယ်။ သင်္ဘောကြီး လုပ်တဲ့အထိပါပဲ။”ဟု ၎င်းကဆက်လက်ပြောသည်။

သင်္ဘောတစ်စီးကို အချိန် ၅ လကျော် တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ် သိန်း၂၃၀ ရှိကာ ကျန်ရှိသော ရုပ်ထုများအတွက် စုစုပေါင်း သိန်း ၈၀၀ ကျော် အကုန်ကျခံ ဖန်တီးထားကြောင်း သိရသည်။ ဦးကျော်ဟိန်းကျော်သည် ဘာသာရေးဖြင့် ကျောက်ကပ် ကင်ဆာ စသည့် ဆေးကုသမှုဖြင့် ရရှိသော ငွေကြေးအပြင် ခုနှစ်ရက်သားသမီးများ၏ ငွေကြေးများလည်း ပါဝင်ကြောင်း သိရသည်။

၎င်းဇာတ်လမ်းသည် အပိုင်း ၆၀ နီးပါးကို လွန်ခဲ့သော ၄ နှစ်ကတည်းက ဇာတ်ပို့ဇာတ်ရံ အယောက် ၁၀၀ နီးပါးဖြင့် သန်လျင်မြို့နယ် ငပကျေးရွာတွင်ဖန်တီးထားလျက်ရှိပြီ အပိုင်း ၈၁ ပိုင်းအထိရိုက်ကူးရန် ခန့်မှန်းထားကြောင်း သိရသည်။

ကျန်ရှိသော ဇာတ်ကားအပိုင်းများကို ဒီဇင်ဘာ ၂၅ ရက် တွင် သန်လျင်မြို့နယ် ငပကျေးရွာတွင် ဆက်လက်ရိုက်ကူးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *