November 1, 2024

၁၆. ၅. ၂၀၂၄
Written by Nay Moe

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းပကဖရုံး) ဟာ ကချင်လွတ်လပ်ရေးတပ်မတော်၊ စစ်ဦးစီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကို လွမ်းဆွတ် တမ်းတသောအားဖြင့် လူ ၁၁ ဦးနဲ့ တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

KIO/KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်တဲ့ စစ်ဦးစီးချုပ်ခေါင်လွမ်းနဲ့ KIC ဒုဥက္ကဋ္ဌဂွမ်မော်တို့နှစ်ယောက်ပေါင်းရင် KIO ရဲ့ တရှဥ်း(နွားတစ်ရှဥ်း)ဖြစ်တယ်လို့ မကြာခဏတင်စားပြောလေ့ရှိတဲ့ KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းရဲ့ စျာပနကို မနေ့ကကျင်းပခဲ့တယ်လို့ KIO ရဲ့ မူဝါဒတွေကို အကောင် အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားထားပါတယ်။

သူငယ်ချင်းဖြစ်တဲ့ KIA စစ်ဦးစီးချုပ်ခေါင်လွမ်းသေဆုံးမှုနဲ့ပတ်သက်ပြီး KIC ဒုတိယဥက္ကဋ္ဌ ဂွမ်မော်က အမှတ်တရရေးသားရာမှာ “၁၉၆၃ ဇန်နဝါရီ (တစ်လထဲမှာ) ကျွန်တော်တို့နှစ်ယောက် လူ့လောကထဲရောက်လာခဲ့ကြတယ်။ ၂၀၂၄ မေ ၁၃ ရက် ညနေအထိ ကျရာတာဝန်တွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ ငါတို့နှစ်ယောက်ပေါင်းရင် KIO အတွက် တရှဥ်းဖြစ်တယ်လို့ သူမကြာခဏပြောပါတယ်။ ခုတော့… သူ ကောင်းကင်ခရီးသို့ ထွက်ခွာသွားပါပြီ။ ငါတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို ပွေ့ပိုက်ပြီး အဖဘုရုားသခင်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာနားခိုပါ သူငယ်ချင်း” လို့ ဂွမ်မော်က သူအသုံးပြတဲ့ Gunmaw Sumlut မှာ ရေးသားထားပါတယ်။

သေဆုံးချိန်မှာ ၆၂ အရွယ်ရောက်နေပြီဖြစ်တဲ့ KIA စစ်ဦးစီးချုပ်ခေါင်လွမ်းဟာ အသည်းကင်ဆာနဲ့ မေ ၁၃ ရက် ညနေ ၆ နာရီ ၂၃ မိနစ်မှာ သေဆုံးခဲ့တာဖြစ်ပြီး မေ ၁၅ ရက် နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်ခဲ့တာပါ။ ခေါင်လွမ်းသေဆုံးမှုကို KIA က အသည်းကင်ဆာလို့ပြောပေမဲ့ တပ်မတော်ရဲ့ လက်နက်ကြီးထိမှန်ကွယ်လွန်တာလို့လည်း ခန့်မှန်းမှုရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *