November 1, 2024

MT News
၁၅. ၅. ၂၀၂၄

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ဆော်ဒီအာရေဗျနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (SAFF)တို့အကြား ဘောလုံး တိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းအား ယနေ့ညနေ ၃ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangkok Marriott Marquis Queen’s Park ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် SAFF ဥက္ကဋ္ဌ Yasser Al Misehal တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စီနီယာ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်း၊ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး Mr. Ibrahim Alkassim ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး Mr. Majed Al Sahib၊ အကြီးတန်း အကြံပေးအရာရှိ Mr. Hicham El Amrani တို့ တက်ရောက်ခဲ့ကြသည်။

MOU ရေးထိုးခြင်းကြောင့် လက်ရွေးစင် အသင်းများ စခန်းဝင် လေ့ကျင့်ရေး ပြုလုပ်ခြင်း၊ လေ့ကျင့်ရေး နည်းစနစ်များနှင့် ဘောလုံးနည်းဗျူဟာများ အပြန်အလှန် ဖလှယ်ခြင်း၊ လူငယ်လက်ရွေးစင်အသင်းများ၊ အမျိုးသမီးနှင့် ဖူဆယ် လက်ရွေးစင်အသင်းများ၊ ကလပ်အသင်းများအကြား Football Calendar ချိန်ဆ၍ ခြေစမ်းပွဲများ စီစဉ်ခြင်း၊ လိဂ်ပြိုင်ပွဲများ စီမံခန့်ခွဲမှုများနှင့် ကစားသမားများ ဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်များ မျှဝေခြင်း၊ သင်တန်းများ စီစဉ်ခြင်း အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာ့ဘောလုံး အားကစား တိုးတက်ရေးအတွက် ဆောင်ရွက်ကြမည် ဖြစ်သည်။

အဆိုပါ MOU ရေးထိုးခြင်းအပြီးတွင် အာရှဘောလုံး အဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အစည်းအဝေးအား ဆက်လက် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့သည် ၃၄ ကြိမ်မြောက် အာရှ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်အား မေလ (၁၆)ရက်တွင် လည်းကောင်း၊ ၇၄ ကြိမ်မြောက် ဖီဖာ ကွန်ဂရက်စ်အား မေလ (၁၇)ရက်တွင် လည်းကောင်း ဘန်ကောက်မြို့တွင် ဆက်လက် တက်ရောက်သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *