November 1, 2024

တရားဝင်မိုးလေဝသဌာနအနေဖြင့် မိုးလေဝသသတင်းအတွက် ခန့်မှန်းရေး Model များကိုချည်း ကြည့်၍ ထုတ်ပြန်ပြောဆိုမရနိုင်ဟုဆို

၁၅.၅.၂၀၂၄
Written By Zun

လူမှုကွန်ရက်တွင် Rumal Cyclone သို့မဟုတ် မုန်တိုင်းငယ်တစ်ခု မေလ တတိယအပတ်ဆယ်ရက်အတွင်းဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းနေသော်လည်း တရားဝင်မိုးလေဝသဌာနအနေဖြင့်မူ မိုးလေဝသသတင်းအတွက် ခန့်မှန်းရေး Model များကိုချည်း ကြည့်၍ ထုတ်ပြန်ပြောဆိုမရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက MT News ကို ပြောကြားသည်။

“Model ဆိုတာကအမျိုးမျိုးရှိတယ်။ အခြေခံတဲ့အချိန်ပေါ်မှာ လိုက်ပြီးတော့ မနက်ကိုအခြေခံတဲ့အချိန်မှာ ထွက်တဲ့ Result ကတစ်မျိုး၊ ညဘက်ကိုအခြေခံပြီး တွက်ချက်တဲ့ Result ကတစ်မျိုး။ တစ်ရက်တည်းမှာတင်ပြောင်းနေတာဆိုတော့လေ။ Model ကြည့်ပြီးပြောရင်တော့ရှိတယ်။ ဘာညာပေါ့လေ။ ဒါမိုးဇလ အနေနဲ့ ဒါလေးကိုပြောလို့မရသေးဘူး။ Model ဆိုတာလည်းခန့်မှန်းချက်မဟုတ်ဘူး။ Model ဆိုတာက Guide လုပ်ပေးတာပဲရှိတာ။ကျွန်တော်တို့ကတော့ Guidance လို့ခေါ်တာပေါ့။ အဲ့ဒီဟာကိုကြည့်ပြီးတော့မှလက်ရှိဖြစ်တည်နေတဲ့အနေအထား၊ နောက်ပြီးတော့ ဒီဖြစ်လာနိုင်တဲ့၊ ဒီကာလတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောသဘာဝ အစရှိသဖြင့် အကုန်စဉ်းစားရတာပေါ့လေ။စဉ်းစားပြီးတော့မှ ခန့်မှန်းချက် တစ်ခုကိုထုတ်ပေးရတာ။ Model ကိုကြည့်ပြီးတော့ ဒီလိုဖြစ်မယ်လို့ တရားဝင်မိုးလေဝသဌာနအနေနဲ့ဘယ်လိုမှ ပြောလို့မရပါဘူး”ဟု ၎င်းက ပြောသည်။

ယခုအခါ လူမှုကွန်ရက်စာမျက်နှာပေါ်၌ မေလ ၁၉ ရက်မှ ၂၇ ရက်အတွင်း Rumal Cyclone သို့မဟုတ် Deep Depression မုန်တိုင်းငယ် သို့မဟုတ် Cat 2 , Cat 3 အဆင့်ရှိ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး ယင်းမုန်တိုင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို ခြိမ်းခြောက်နိုင်ကြောင်း မုန်တိုင်းသတိပေးချက်အဖြစ် ထုတ်ပြန်လျက်ရှိနေကြသည်ကိုလည်း တွေ့နေရသည်။

ယင်းထုတ်ပြန်ချက်များတွင် လက်ရှိ မိုးလေဝသဂြိုလ်တုပုံရိပ်လေစီးအချက်အလက်များအရ မုန်တိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး အစပ်မှ ဝင်ရောက်နိုင်ကြောင်း၊ ပိုမိုတိကျသေချာစေရန်အတွက် အဆင်မြင့် Weather Data အချက်အလက်များကို ဝယ်ယူစိစစ်တွက် ချက်ပြီး အချိန်နှင့်တစ်ပြေးညီခန့်မှန်းပေးသွားမည်ဟုလည်း လူမှုကွန်ရက်တွင် ရေးသားလျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မေလ (ဒုတိယ)ဆယ် ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့်ထုတ်ပြန်ထားသည်။

“ဒါကဖြစ်လာနိုင်တဲ့အနေအထားပေါ့လေ။ သို့သော်လူမှုကွန်ရက်မှာပြောနေသလို အဲ့ဒါကဘယ်လောက် အားပါလဲ။ အဖျက်စွမ်းအားကြီးတဲ့မုန်တိုင်းဖြစ်နိုင်တယ်၊ ရန်ကုန်၊ဧရာဝတီသွားနိုင်တယ်၊ အစရှိသဖြင့်ပေါ့လေ။ လေဖိအားနည်းရပ်ဝန်းတောင်မဖြစ်သေးတဲ့အနေအထားမျိုးမှာဘယ်လောက်အထိ အားကောင်းတယ်။ ဘယ်ကိုသွားမယ်ဆိုတာ သေသေချာချာ၊ ရေရေရာရာပြောလို့မရသေးတဲ့အဆင့်ပဲရှိပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ကမ္ဘာပေါ်တွင် အိန္ဒိယ မိုးလေဝသဌာန၏ Global Forecasting System (GFS) Model , အမေရိကန်နိုင်ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP ၏ Global Forecasting System (GFS) Model , European Center for Medium Range Weather Forecast (ECMWF) Model , NAVGEM (Navy Global Environmental Model) စသည်ဖြင့် ရှိကြရာ အဆိုပါ Model များကို ကြည့်၍ ဖြစ်နိုင်ချေကိုသာ စောင့်ကြည့်ရသော်လည်း ကြိုတင်သတိပေးချက်များထုတ်ပြန်မရနိုင်ခြင်း ဖြစ်ကြောင်း အထက်ပါအတိုင်း ပြောကြား ခြင်းလည်း ဖြစ်သည်။

“လူမှုကွန်ရက်မှာပြောနေတာကြတာကတော့ Model လို့ခေါ်တယ်။မိုးလေဝသခန့်မှန်းရေး Model တွေပေါ့လေ။ Model တွေကအများကြီးရှိတာပေါ့။ အဲ့ဒီကနေ Result ကိုကြည့်ပြီးတော့ပြောကြတဲ့အဆင့်ပဲရှိသေးတယ်။ ဒါ Model ဆိုတဲ့ သဘောတရားက သူက သူ့ရဲ့နေ့လိုက်ပြီးအပြောင်းအလဲတွေရှိတယ်။ မုန်တိုင်းရဲ့ ဖြစ်မယ့်နေ့ကစပြီးတော့ပေါ့။ ဒီနေ့ Model Result က ဘယ်နှစ်ရက်နေ့အထိ ဖြစ်မယ်ဆိုရင်။နောက်နေ့ Result ကပြောင်းသွားပြန်ရော၊ မသေချာမရေရာမှုတွေကများတယ်”ဟု ၎င်းကပြောသည်။

“အခုဆိုမေလ မုတ်သုန်ဝင်ကာလ၊ မိုးကြိုကာလဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မိုခါပေါ့။ မုတ်သုန် ဝင်ခါနီးမှာမိုခါဖြစ်တယ်။ မိုခါတုန်းကလည်း ပထမတုန်းက ရန်ကုန် မြစ်ဝကျွန်းပေါ်ကိုသွားမယ်ဆိုတာမျိုးကနေ လမ်းကြောင်း တွေကပြောင်းပြီးတော့ ရခိုင်ဘက်ရောက်သွားတယ်။ Model တွေရဲ့သဘောသဘာဝတွေအရ အဲလိုတွေရှိတယ်။ ဘာမှတိတိကျကျ သေသေချာချာ ရေရေရာရာပြောလို့မရတဲ့ အဆင့်ပဲ ရှိသေးတယ်။ မေလမိုးကြိုကာလဖြစ်တော့ မုန်တိုင်းဖြစ်ဖို့အလားအလာတော့ ကောင်းတယ်ပေါ့လေ။ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းများနိုင်တယ်။ ဒါက ရာသီကိုကြည့်ပြီးပြောတာ။ ဒီမေလမိုးကြိုကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေဝသအနေအထားကို ကြည့်ပြီးပြောလို့ရတာပဲရှိတယ်။ တကယ့်လက်တွေ့မှာ အတိအကျပြောဖို့အချိန်ကစောသေးတယ်။စောင့်တော့ကြည့်ရမှာပေါ့လေ။ ဒီရာသီကမေလဖြစ်နေတယ်။ဒါပေမဲ့ မေလဖြစ်တိုင်းလည်း မြန်မာ့ကမ်းရိုးတန်းကိုဖြတ်တယ်လို့တော့ မရှိပါဘူး။ သူ့ဘာသာသူ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်တာရှိတယ်။ အိန္ဒိယဘက်ကိုဖြတ်တာရှိတယ်။ မုန်တိုင်း လမ်းကြောင်းအနေအထားအရ အဲလို ရှိတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တိုင်း၊ မေလမှာဖြစ်တိုင်း မြန်မာ့ကမ်းရိုးတန်းကိုဖြတ်မယ်လို့တော့ ပြောမရပါဘူး။ နှစ်ပေါင်းသုံး၊လေး၊ငါးဆယ်နဲ့အချက်အလက်တွေအရ ဒီမေလမှာဖြစ် တဲ့မုန်တိုင်းတွေဟာ မြန်မာ့ကမ်းရိုးတန်းကို အခြားလတွေမှာဖြစ်တဲ့မုန်တိုင်းတွေထက်စာရင် ဖြတ်ကျော်တာတော့ ရာခိုင်နှုန်းက များပါတယ်။ များတယ်ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘူးနော်။ ၁၅ ရာခိုင်နှုန်း၊၂၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ကျန်တဲ့လတွေဆိုရင်တော့မြန်မာ့ကမ်းရိုးတန်းကိုဖြတ်နိုင်တာက ရာခိုင်နှုန်းနည်းတယ်ပေါ့နော်။၁၀ ရာခိုင်နှုန်းလောက်ပဲ ဘာတို့လောက်ပဲရှိပါတယ်။ မေလလောက်အထိ မိုးနှောင်းအောက်တိုဘာတို့ဆိုရင် အခြားလတွေထက်ယှဉ်ရင် မြန်မာ့ကမ်းရိုးတန်းကိုဖြတ်နိုင်မယ့်နှုန်းကရာခိုင်နှုန်း များပါတယ်။ သို့သော်ရာခိုင်နှုန်းအပြည့်မဟုတ်ဘူး။ အခြားဘင်္ဂလားဒေ့ရှ်တို့ကိုဝင်သွားတာလည်းရှိတယ်။ အိန္ဒိယဘက်အရှေ့ဘက်ခြမ်းတွေကို ဝင်သွားတာလည်းရှိတယ်။ ဒါကြောင့်မို့လို့မေလရောက်တိုင်းအဲ့ပြဿနာတော့ရှိပါတယ်”ဟု ဦးလှထွန်းက ရှင်းပြသည်။

PS (မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန အနေဖြင့် WeatherResearchand Forecast (WRF) Model ကို အသုံးပြုကြောင်း သိရသည်။)

ပုံစာ။ လူမှုကွန်ရက်တွင် ဖော်ပြနေသော Rumal Cyclone ဝင်ရောက်မည့် ခန့်မှန်း Model အချို့ပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *