၁၅ . ၅. ၂၀၂၄
Written by Ye Kyaw
မြန်မာ-တရုတ်နယ်စပ် ပြန်မဖွင့်နိုင်သေးခြင်းကြောင့် မန္တလေးမြို့ရှိ ဆန်ကုန်သည်များ လက်လီဈေးကွက်တွင်သာ ရောင်းဝယ်နေရပြီး တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့မည်ဆိုပါက ရန်ကုန်အထိပြန်ဆင်းကာ ပင်လယ်ရေကြောင်း (Oversea)မှ တင်ပို့နေရကြောင်း မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ ဆန်တင်ပို့နေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တပ်မတော်စစ်ခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ ကုန်သွယ်ရေးစခန်းအပြင် အခြားသော မြန်မာ-တရုတ်နယ်စပ်စခန်းများလည်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။
“မန္တလေးက တရုတ်ကိုလည်း သွားလို့မရဘူးဆိုတော့ မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ စားဖို့သောက်ဖို့လောက်ပဲ ရောင်းလို့ရတယ်။ တရုတ်ပြည်က Oversea ကပဲ သွားကြတယ်။ မန္တလေးဆိုတာ အရင်တုန်းက Oversea မသွားဘူး။ Oversea ဆို ရန်ကုန်ပြန်သွားရဦးမယ်။ အရင်က ဆန်က ရန်ကုန်ကလာတာများတာ။ အခုတော့ မန္တလေးနဲ့ ပတ်ဝန်းကျင်က ဆန်တွေကိုပဲ လက်လီလောက်ပဲရောင်းတယ်။ ရွှေဘိုတို့ဘာတို့ကလာတဲ့ ပေါ်ဆန်းတို့ဘာတို့ကိုပဲ ရောင်းကြတော့တယ်” ဟု မူဆယ် ၁၀၅ မိုင် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက MT News သို့ ပြောသည်။
ယခင်က တရုတ်သို့ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ ထွက်ရှိသည့်ဆန်များကို မန္တလေးမြို့တွင် ဈေးကွက်အထိုင်ချကာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။
“တရုတ်နယ်စပ်က လွယ်ဂျယ်လည်းမရတော့ဘူး။ မူဆယ်လည်းမရတော့ဘူး၊ လောက်ကိုင်လည်းမရတော့ဘူး။ ချင်းရွှေဟော်လည်းမရဘူး။ ဘယ်မှမရဘူး။ လှောင်ထားလို့လည်းမရတော့ Oversea ပဲ ပို့နေရတာပေါ့” ဟု ဦးမင်းသိန်းက ပြောသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၁၁,၈၆၂ တန် တင်ပို့ထားသည့်အနက် နယ်စပ်မှတင်ပို့မှုသည် တန်ချိန် ၄၀၀ သာရှိ၍ စုစုပေါင်းတင်ပို့မှု၏ သုည ဒသမ ၃၅ ရာခိုင်နှုန်းသာရှိပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှာ ၉၉ ရာခိုင်နှုန်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။