၁၅ . ၅. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းချသူများအပြင် လိုင်စင်ရှိသူများ နိုင်ငံခြားငွေများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းမရှိပါကလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းနိုင်ရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ရောင်းချပေးလျက်ရှိသည်။
ယင်းကဲ့သို့ ရောင်းချပေးရာတွင် ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍လည်းကောင်း၊ ပြည်ပထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်သူများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှစတင်၍လည်းကောင်း တစ်ဦးလျှင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေသား) ကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Online Trading Rate +၁၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
AD လိုင်စင်ရဘဏ်များ၏ ဝယ်ယူနိုင်သည့် ကောင်တာများစာရင်းကို ဘဏ်များ၏ Website နှင့် Facebook Page များတွင် အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီး ထိုသို့ ရောင်းချပေးလျက်ရှိကြောင်း ကြေညာချက်အား မြန်မာနိုင်ငံတော် Website ဖြစ်သည့် www.cbm.gov.mm တွင်လည်း ကြေညာပေးထားသည်။
အထက်ဖော်ပြထားသော အသေးသုံးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိသည့် AD လိုင်စင်ရ ဘဏ်ခွဲများတွင် ဝယ်ယူရရှိနိုင်ကြောင်းနှင့် အသေးသုံးငွေသားဖြင့် မလုံလောက်ပါက မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင် လိုအပ်သည့်နိုင်ငံခြားငွေအား နိုင်ငံတကာငွေပေးချေမှုကတ်(Debit Card၊ Credit Card) များဖြင့်လည်း သုံးစွဲနိုင်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ ရောင်းဝယ်နေကြောင်း စစ်ဆေးတွေ့ရှိရပါကလည်းကောင်း၊ Money Changer လိုင်စင်ရှိသူများအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းမပြုပါကလည်းကောင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် Money Changer များအား ပြီးခဲ့သည့် မတ်လ ၆ ရက်မှစတင်ပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိရာ မေလဆန်းပိုင်းအထိ နှစ်လအတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များမလိုက်နာသည့် Money Changer များကို လိုင်စင်ရုပ်သိမ်းခြင်း၊ လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Money Changer ၅၀ အထိ အရေးယူဆောင်ရွက်ထားသည်။