၁၅.၅.၂၀၂၄
Written By Zun
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ရှောင်စဉ်လက်နက်ကြီးထိမှန်၍ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးဒဏ်ရာရခဲ့သောကြောင့် သုညသုခ လူမှုကူညီရေးအသင်းမှ ဗန်းမော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၄ ရက် မွန်းလွဲပိုင်းက အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းကြောင့် ဗန်းမော်မြို့ပေါ်သို့ လှေဖြင့် သယ်ဆောင်လာသည်ကို သုညသုခ လူမှုကူညီရေးအသင်း က ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းလည်း ဖြစ်သည်။
“ညောင်ပင်သာရွာကနေ ကောင်းတုံဘက်ကို စစ်ရှောင်ရင်း ဖြစ်တာ။ လက်နက်အစက အဲဒီ မိန်းကလေးရဲ့ နောက်ကျောဘက်ကို ထိတာ။ သူ့ကို လှေနဲ့ သယ်လာတယ်။ ကျွန်တော်တို့က အသင်းကားနဲ့ ရေဆိပ်မှာ သွားယူပြီး ဆေးရုံပို့ခဲ့တယ်”ဟု အဆိုပါ အသင်းတာဝန်ရှိသူက MT News ကို ယနေ့ မေလ ၁၅ ရက်တွင် ပြောသည်။
အဆိုပါ ဒေသတွင် မည်သည့်နေရာ မည်သည့်လမ်းသို့ သွားလာသည်ဖြစ်စေ သတိကြီးစွာထား၍ လမ်းကြောင်းအခြေနေကြိုတင်လေ့လာစုံစမ်း၍သွားလာကြရန်လည်း သုညသုခ လူမှုကူညီရေးအသင်းက တိုက်တွန်းထားသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးတစ်ဝိုက်ကျေးရွာများတွင် တပ်မတော်နှင့် KIA/PDF အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။