၁၃. ၅. ၂၀၂၄
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း ကွင်းတွင် မေလ ၁၂ ရက် ညနေပိုင်း ၅ နာရီကျော်က မိုးကြိုးထိမှန်၍ စပါးတိုက်ရန် ကျွဲလှည်းဖြင့် စပါးတိုက်ရန်သွားသူ အမျိုးသားတစ်ဦးနှင့် ကျွဲ၂ကောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဥ်မှာ ဝမ်းဘဲအင်းကျေးရွာ၊ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်သော ဦးလှမျိုးထွန်းမှာ ညီဝမ်းကွဲဖြစ်သူနှင့်အတူ ရိတ်သိမ်းပြီး စပါးများတိုက်ရန် ကျွဲလှည်းကိုယ်စီဖြင့် သွားရောက်ခဲ့ရာ မိုးယွင်းကြီးအင်း ကွင်းအရောက်တွင် ရုတ်တရက် မိုးသက်လေပြင်းများကျရောက်ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဦးလှမျိုးထွန်း၏ ကျွဲလှည်းကို မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝမ်းကွဲညီအစ်ကိုနှစ်ယောက် စပါးတိုက်ဖို့သွားရင်း မိုးကြိုးက ရှေ့ကနေသွားနေတဲ့ ဦးလှမျိုးထွန်းရဲ့ကျွဲလှည်းကို မိုးကြိုးထိပြီး လူကောကျွဲတွေကော သေသွားတာ”ဟု ဝမ်းဘဲအင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလတွင်လည်းကောင်း၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် မိုးကြိုးပစ်ခြင်း အန္တရာယ်ကို ကြုံတွေ့ရနိုင်သဖြင့် မိမိတို့ဒေသအနီးတဝိုက်တွင် မိုးခြိမ်းခြင်း၊လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၂ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတချို့တွင် မိုးကြိုးထိမှန်၍ အမျိုးသား ၉ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။