၁၃.၅.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနှင့် ယူကရိန်းစစ်ပွဲအတွင်း တိုက်ခိုက်မှုများ၌ ယူကရိန်းတပ်ဖွဲ့များက မေလ ၁၂ ရက်တွင် ရုရှားနိုင်ငံ အနောက်တောင်ပိုင်းရှိ ဘယ်လ်ဂိုရော့ဒ်မြို့နှင့် အနီးတစ်ဝိုက်ကို အမြောက်၊ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုတွင် ယူကရိန်းတို့ ပစ်လွှတ်သော Tockha-U နည်းဗျူဟာမြောက် ဒုံးကျည်တစ်စင်းက ဘယ်လ်ဂိုရော့ဒ်မြို့အတွင်း လူနေဆယ်ထပ်အဆောက်အအုံတစ်ခုကိုထိမှန်ခဲ့ရာ အဆောက်အအုံ၏တစ်စိတ်တစ်ပိုင်းမှာ ပြိုကျခဲ့ပြီး သေဆုံးသူဦးရေမှာလည်း မေလ ၁၃ ရက် နံနက်တွင် ၁၅ ဦးအထိမြင့်တက်လာခဲ့ကြောင်း ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ကြေညာချက်တွင် အဆောက်အအုံတစ်စိတ်တစ်ပိုင်းပြိုကျခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အပျက်အစီးများအောက်တွင် သေဆုံးနေသူ ၁၅ ဦးစလုံး၏ အလောင်းများကိုတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဒုံးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ ၂၀ ဦးထိရှိကြောင်းလည်း သိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်ထိမှန်မှုကြောင့် အဆိုပါ ဆယ်ထပ်အဆောက်အအုံမှာ အက်ကွဲကြောင်းကြီးများဖြစ်ပေါ်ကာ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ဘယ်လ်ဂိုရော့ဒ်ဒေသသို့ ဦးတည်ပစ်ခတ်လာသော ဒုံးကျည်အချို့ကို ပစ်ချနိုင်ခဲ့ကြောင်း၊ မောင်းသူမဲ့လေယာဉ်နှစ်စီးကိုလည်း သီးခြားဖြစ်ရပ်တစ်ခုတွင် မေလ ၁၂ ရက်ညနေပိုင်းက ပစ်ချခဲ့ကြောင်းပြောကြားခဲ့သည်။
Ref- Tass