၁၃. ၅. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ခွန်ခရိ အရပ်ဒေသတစ်လျှောက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး အဆိုပါ ဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားရှိ နယ်ခြားမှတ်တိုင် (၄၈) အနီး မြန်မာနိုင်ငံဘက်ခြမ်းတွင် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသည် အဘူကာလမ်ဆိုသူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆာဒါအူပါဇီလာဘမ်ဟတ်တီခရ အရပ်ဒေသမှဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော ရိုင်ဟန်ကာဇီမီက အတည်ပြုပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ကုန်စည်များကို မှောင်ခိုတင်သွင်းရောင်းဝယ်ရန်အတွက် မြန်မာနယ်စပ်ဒေသကိုမကြာခဏ ဖြတ်သန်းဝင်ရောက်လေ့ရှိနေပြီး အဘူကာလမ်နှင့်အခြားသူများသည် မြန်မာနယ်စပ်ဒေသသို့ ဖြတ်သန်းဝင်ရောက်လာခဲ့ပြီးနောက် မကြာမီ ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေဆုံးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ အကိုဖြစ်သူက ညီဖြစ်သူ၏ရုပ်အလောင်းကို ပြန်လည်ယူဆောင်လာခဲ့ရကြောင်းပြောဆိုထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသဖြစ်သော နိုင်ခွန်ခရိဒေသအနီးတွင် ပြီးခဲ့သော ရက်ပိုင်းက မြေမြှုပ်မိုင်းများပေါက်ကွဲခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတစ်ခုဖြစ်သော Dhaka Tribune သတင်းဌာနက ပစ်သတ်ခံရသူသည် နွားများကို မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ မှောင်ခိုတင်သွင်းပို့ဆောင်သူဖြစ်ပြီး AA အဖွဲ့က ခေါင်းကို ပစ်သတ်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
REF, somoynews.tv