၁၃. ၅. ၂၀၂၄
Written by Pan Ei
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ လျှပ်တစ်ပြက်ရေကြီးမှုနဲ့ ရွှံ့မြေချော်ရည်တွေကြောင့် အခုသီတင်းပတ်ကုန်မှာ အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၇ ဦးကို ရှာဖွေနေရဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
စနေနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ဆူမတြားပြည်နယ်ရှိ ခရိုင်သုံးခုမှာ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပြာတွေ၊ ကျောက်တုံးအပျက်အစီးတွေနဲ့ ရေတွေ ရောနှောနေတဲ့ ရွှံ့လိုမျိုး မီးတောင်ကချော်ရည်အေးတွေ စီးဆင်းခြင်းတို့ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ကယ်ဆယ်ရေးအကြီးအကဲ အဗ္ဗဒူမာလစ်ရဲ့အဖွဲ့က ပြောကြားခဲ့ပါတ်ယ်။
အင်ဒိုနီးရှားမှာ လာဟာလို့ လူသိများတဲ့ မီးတောင်ကချော်ရည်အေးတွေဟာ ဆူမားတြားရဲ့မီးတောင်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ မာရာပီမီးတောင်က ဆင်းလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက မာရာပီမီးတောင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း မီးတောင်က ဆက်တိုက်ပေါက်ကွဲနေခဲ့တာပါ။
တနင်္လာနေ့မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် ဒေသခံ ကယ်ဆယ်ရေးသမားတွေ၊ ရဲနဲ့ စစ်တပ်တွေ ပါဝင်တဲ့ ဝန်ထမ်း ၄၀၀ လောက်ကို စေလွှတ်ထားပြီး အနည်းဆုံး တူးဖော်တဲ့စက် ရှစ်လုံးနဲ့ ဒရုန်းတွေနဲ့ပါ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ အဗ္ဗဒူ က ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေဟာ ပျက်စီးနေတဲ့ လမ်းတွေကြောင့် နှောင့်နှေးခဲ့ရပြီး ကယ်ဆယ်ရေးသမားတွေ ဖြတ်သန်းသွားလာဖို့ကို ခက်ခဲစေခဲ့ပါတယ်။
အမျိုးသား သဘာဝဘေးအန္တရာယ်နဲ့ စီမံခန့်ခွဲမှုအေဂျင်စီ BNPB ရဲ့ ထုတ်ပြန်ချက်မှာ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့ပြီး စပါးစိုက်ခင်းတွေ အပါအဝင် လယ်ယာမြေ ၇၂ ဟကတာ (၁၇၈ ဧက) ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဂ်မန်ခရိုင်က အနည်းဆုံး လူ ၁၅၉ ဦးကို အနီးနားက စာသင်ကျောင်းတွေဆီ ရွှေ့ပြောင်းပေးထားတယ်လို့လည်း BNPB က ပြောကြားခဲ့ပါတယ်။
Ref; Reuters