၁၃.၅.၂၀၂၄
Written by TZ
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဆောက်လက်စတိုက်တစ်ခု၏ အမိုးပေါ်သို့ အလုပ်သမားတစ်ဦး အရက်တက်သောက်ရာမှ အမူးလွန်၍ အရှိန်လွန်ပြုတ်ကျသေဆုံးမှု ယနေ့မနက် သန်းခေါင်ကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် ရုပ်အလောင်းအား သွားရောက်ကောက်ယူသည့် သဗ္ဗသုခနာရေးကူညီမှုအသင်းသို့ MT News မှ ဆက်သွယ်မေးမြန်းရာ ထိုဆောက်လက်စတိုက် (၄) ထပ်ရှိ ခေါင်မိုးပေါ်သို့ အမျိုးသားတစ်ဦး ယနေ့ မေလ ၁၃ ရက် နံနက် ၂ နာရီဝန်းကျင်တွင် အရက်အလွန်အကျွံသောက်ပြီး ထိုတိုက်၏ အောက် (၃)လွှာသို့ ပြုတ်ကျခဲ့ကြောင်း၊ ရုပ်အလောင်းကို မေလ ၁၃ ရက် နံနက်လင်းချိန်တွင် အလုပ်သမားများမှ အလုပ်လုပ်ရန် ထိုတိုက်သို့ ရောက်ရှိချိန်တွင် ပြုတ်ကျသူ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
“အဲ့ဒီတိုက်မှာ အလုပ်လုပ်တဲ့အမျိုးသားတစ်ယောက်။ ခေါင်မိုးပေါ်မှာ အရက်တွေ အလွန်အကျွံသောက်ပြီးတော့ အရှိန်လွန်ပြီး (၄) ထပ်တိုက်ပေါ်ကနေ အောက် (၃) လွှာပေါ်ကို ပြုတ်ကျတာ။ အလောင်းကို ကြည့်ရတာ ၂ နာရီဝန်းကျင်လောက်က ပြုတ်ကျတယ်လို့ ခန့်မှန်းရတယ်” ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သိုဖြေကြားသည်။
ထိုတိုက်ပေါ်မှ ပြုတ်ကျပြီး သေဆုံးသည့် အမျိုးသားမှာ လယ်ဝေးမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ -သဗ္ဗသုခနာရေးကူညီမှုအသင်း