၁၃. ၅. ၂၀၂၄
Written by Pan Ei
မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသမှုကို ပထမဆုံး လက်ခံရရှိခဲ့တဲ့ အမျိုးသားဟာ ခွဲစိတ်မှုအပြီး နှစ်လအကြာမှာ သေဆုံးသွားခဲ့တယ်လို့ ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။
Richard “Rick” Slayman ဆိုသူအမျိုးသားဟာ မတ်လက ခွဲစိတ်မှုမခံယူမီကတည်းက နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါကို ခံစားနေရသူဖြစ်ပြီး ခွဲစိတ်ကုသပေးခဲ့တဲ့ Massachusetts အထွေထွေရောဂါကုဆေးရုံက သူ့ရဲ့သေဆုံးမှုဟာ အစားထိုးကုသမှုကြောင့်ဖြစ်တယ်ဆိုတဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
မျိုးဗီဇပြုပြင်ထားတဲ့ ဝက်တွေဆီက အခြားအင်္ဂါတွေကို အစားထိုးခွဲစိတ်ကုသခြင်းတွေ အရင်ကလည်းရှိခဲ့ဖူးပြီး မအောင်မြင်ခဲ့ပေမဲ့ Slayman ရဲ့ခွဲစိတ်မှုဟာတော့ သမိုင်းဝင် မှတ်တိုင်တစ်ခုအဖြစ် ချီးကျူးခံခဲ့ရပါတယ်။
Slayman ဟာ ကျောက်ကပ်ရောဂါအပြင် ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါကိုလည်း ခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ်က သူဟာ လူ့ကျောက်ကပ်အစားထိုးကုသမှုကိုခံယူခဲ့ပေမဲ့ ငါးနှစ်အကြာမှာ ပြန်လည်ပျက်စီးသွားခဲ့တာပါ။
Massachusetts အထွေထွေရောဂါကုဆေးရုံက Slayman ရုတ်တရက်သေဆုံးသွားတဲ့အတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ သူ့မိသားစုအတွက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Slayman ရဲ့ ဆွေမျိုးတွေက သူ့ရဲ့ ဇာတ်လမ်းဟာ အတုယူစရာ ဖြစ်တယ်လို့ ဆိုခဲ့ကြပြီး “သူ ဒီလုပ်ထုံးလုပ်နည်းကို ခံယူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက အသက်ရှင်သန်ဖို့ အစားထိုး ကုသဖို့ လိုအပ်နေတဲ့ ထောင်ပေါင်းများစွာသော လူတွေကို မျှော်လင့်ချက် ပေးနိုင်ဖို့ ဖြစ်တယ်လို့ Slayman က ပြောခဲ့ဖူးတယ်” လို့လည်း ဆွေမျိုးတွေက ပြောကြားခဲ့ပါတယ်။
အရင်ကလည်း ဝက်နှလုံးအစားထိုးကုသမှုကို လက်ခံရရှိခဲ့တဲ့ အခြားလူနာနှစ်ဦးဟာ ခွဲစိတ်ပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာ သေဆုံးသွားခဲ့ဖူးပြီး အဲ့ဒီထဲက ဖြစ်ရပ်တစ်ခုမှာ လူနာရဲ့ကိုယ်ခံအားစနစ်က အစားထိုးကုသမှုတွေမှာ အဖြစ်များတဲ့ အင်္ဂါအစိတ်အပိုင်းကို ငြင်းပယ်ခဲ့တဲ့ လက္ခဏာရှိခဲ့ပါတယ်။
Ref; CBS News