၁၃. ၅. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပိုက်ဆံအိတ်အလစ်သုတ်သမားတစ်ဦးသည် ၎င်းအား လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းထွက်ပြေးရာမှ ဆူခွန်ဗစ်လမ်းသွယ် (၂) ထိပ်ရှိ လေးမီတာအမြင့်ရှိသော လူကူးကုန်းကျော်တံတားတစ်ခုမှ မေလ ၁၀ ရက် ညပိုင်းတွင် ပြုတ်ကျခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု မေလ ၁၃ ရက်သတင်းများက ဖော်ပြခဲ့ကြသည်။
ရဲတပ်ဖွဲ့က အသက် ၃၅ နှစ်မှ ၄၀ နှစ်ကြားရှိ မြန်မာလူမျိုးတစ်ဦးသည် ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့် ခရီးသွားတို့များပြားရာ Soi Nana ဒေသတွင် အိန္ဒိယကမ္ဘာလှည့်ခရီးသွားတစ်ဦးထံမှ ပိုက်ဆံအိတ်တစ်လုံးကို အလစ်သုတ်ထွက်ပြေးသွားကြောင်း မေလ ၁၀ ရက် ည ၁၁ နာရီခွဲခန့်တွင် သတင်းရရှိခဲ့သည်။
အဖြစ်အပျက်ကို တွေ့မြင်သူများက ပိုက်ဆံအိတ်အလစ်သုတ်ပြေးသူမှာ ဆူခွန်ဗစ်လမ်းသွယ် (၂)ရှိ လူကူးတံတားပေါ်သို့ တက်ပြေးသွားခဲ့ကြောင်း၊ သို့သော် ပိုက်ဆံအိတ်ပိုင်ရှင်က အနောက်မှလိုက်လာသည်တွင် ၎င်းမှာ ပိတ်ထားပြီဖြစ်သော ကုန်တိုက်တစ်ခုအတွင်းသို့လည်း ဝင်၍မရတော့ဘဲ တံတား၏ထောင့် လူသွားလမ်းပေါ်တွင် ပိတ်မိနေခဲ့ကြောင်း ပြောခဲ့ကြသည်။
အဆိုပါ ပိုက်ဆံအိတ်အလစ်သုတ်ပြေးသူက လူကူးတံတားပေါ်မှ အောက်သို့ဖက်တွယ်၍ ဆင်းရန်ကြိုးစားခဲ့သည်တွင်မြေကြီးပေါ်ရှိ သတ္တုအတားအဆီးတစ်ခုပေါ်သို့ ပြုတ်ကျကာ မျက်နှာဖြင့် ဦးစွာရိုက်မိခဲ့ခြင်းဟု အနီးအနားရှိလူများက ပြောခဲ့ကြသည်။
ထိုလူပြုတ်ကျသည့်အမြင့်မှာ လေးမီတာခန့်ရှိသောကြောင့် ၎င်းမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ရဲတပ်ဖွဲ့၏ အထွေထွေဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။ ၎င်းအား ဆေးရုံမှဆင်းလျှင် စစ်ဆေးမေးမြန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref- Bangkok Post