၁၂.၅.၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဇော်ဂျီမြစ်၊ မင်းရဲဆည်အတွင်း ရေဆင်းချိုးသည့် အမျိုးသားတစ်ဦးကို ၃ ရက်ခန့်ကြာမှ ရုပ်အလောင်းအား ပြန်လည် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ကျောက်ဆည်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသားမှာ မင်းရဲဆည်အတွင်း မေလ ၁၀ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ရေဆင်းချိုးရာမှ ရေနစ်သွားကြောင်း၊ ဒေသခံလူမှုကူညီရေးအဖွဲ့မှ လိုက်လံရှာဖွေရာ မတွေ့သောကြောင့် မေလ ၁၁ ရက်နေ့တွင် ထပ်မံရှာဖွေသော်လည်းမတွေ့ရှိဘဲ မေလ ၁၂ ရက်နေ့တွင် ရှာဖွေရာ မင်းရဲဆည်အတွင်းရှိ ဇီးတောမြောင်း၌ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ဒီဆည်က မြို့ခံတွေနစ်တာမရှိဘူး။ တစ်ခြားမြို့ကလူတွေဆို နစ်တာတွေရှိတယ်။ သူက ကျောက်ဆည်မှာ အလုပ်လာလုပ်နေတဲ့သူ။ ဆည်က ရေလည်းလွှတ်ထားတော့ သူရေကူးရင်း လက်ပန်းကျသွားတာထင်တယ်။ အသက်က (၂၈) နှစ်ပဲရှိသေးတယ်။ မနှစ်ကလည်း တစ်ခြားမြို့က ကောင်လေးတစ်ယောက် ရေနစ်သေသွားတယ်” ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ထိုရေနစ်သေဆုံးသည့် အမျိုးသားမှာ ကျောက်ပန်းတောင်းမြို့၊ ဆုံရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး