၁၂.၅.၂၀၂၄
Written By ZUN
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့ ၊ မေတ္တာညွန့်ရပ်ကွက်၊ ကဝိပုညလမ်းမှာရှိတဲ့ TK ရွှေရတနာဆိုင်ကို ဓားပြတိုက်ရာတွင် အမေရိကန် “A USA SMM LUGER” စာတမ်းပါကျည်ကို ထည့်သွင်းပစ်ခတ် အသုံးပြုခဲ့ကြောင်း MT News က စုံစမ်းသိရှိရသည်။
ဖြစ်စဥ်မှာ မေလ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်အချိန်က အဆိုပါရွှေဆိုင်သို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဝယ်လိုကြောင်း ပြောဆိုသဖြင့် ရွှေဆိုင်ပိုင်ရှင်ဦးစိုးမင်းလွင်က ဆိုင်ရှေ့သံပန်းတံခါးကိုသော့ဖွင့်ပေးပြီး ဝင်ခိုင်းခဲ့ရာ အဆိုပါအမည်မသိအမျိုးသားအား အရောင်းစာရေး ဦးဝင်းဇော်ဦးမှ ရွှေထုတ်ပြနေစဉ် ဆိုင်သံပန်းတံခါးရှေ့သို့ အမည်မသိအမျိုးသား(၂)ဦး ထပ်မံ ရောက်ရှိလာပြီး ရွှေဝယ်ချင်ကြောင်း ပြောဆိုသဖြင့် ဦးစိုးမင်းလွင်က ဆိုင်သံပန်းတံခါးကို ထပ်မံ၍ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမှုများကို ကိုးကား၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
“အဲဒီမှာ နောက်ထပ် နှစ်ယောက် ဝင်လာပြီးတဲ့အချိန်မှာ ဆိုင်သံပန်းတံခါးကို သော့ပြန်ခတ်ပိတ်ခဲ့တယ်တဲ့။ အဲဒီအချိန်မှာ ပထမဝင်လာတဲ့အမျိုးသားက အရောင်းစာရေးရဲ့ လည်ပင်းကိုဓားနဲ့ ထောက်ထားပြီး မှောက်ခိုင်းထားတယ်။ ကျန် ၂ ယောက်က ဆိုင်ရှင် ဦးစိုးမင်းလွင်ကို ပစ္စတိုသေနတ်လို့ ယူဆရတဲ့အရာနဲ့ တစ်ယောက် တစ်လက်ကိုင်ပြီး ချိန်ထားတယ်။ပြီးတော့ လူကိုဝပ်ခိုင်းထားတယ်။ အဲဒီလို ဝပ်ခိုင်းနေစဉ်မှာပဲ တစ်ယောက်က မှန် ကောင်တာအတွင်းမှာ ထည့်ထားတဲ့ ရွှေတွေကို ယူတယ်။ ပြီးတော့ ပိုင်ရှင်နဲ့ အရောင်းစာရေးကို တံခါးဖွင့်ခိုင်းတယ်။ သူတို့က ဆိုင်ရဲ့သော့ကိုပြန်ခတ်သေးတယ်။ပြီးတော့ သော့ကို ဆိုင်ရှေ့မှာပစ်ချထားခဲ့ကြတယ်” ဟု၎င်းက ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိမှုကို ရှင်းပြသည်။
ဓားပြများက မှန်ကောင်တာအတွင်း ထည့်ထားသည့် ရွှေမျိုးစုံ(၁၉)ကျပ်သားခန့်၊ ကာလတန်ဖိုး (၁)ကျပ်သားလျှင် ငွေကျပ် သိန်း(၄၀)ခန့်နှင့် တွက်ချက်မှုအရအရ စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း(၇၆၀)ခန့်နှင့် ကောင်တာ စားပွဲနောက်တွင် အဖြူရောင်ကြွပ်ကြွပ်အိတ်(၂)အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း(၆၅၀)ခန့်၊ စုစုပေါင်း ငွေကျပ်သိန်း(၁၄၁၀)ကို ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဆိုင်ရှင်က “ဓားပြ၊ ဓားပြ” ဟုအော်ဟစ်စဉ် ယင်းဓားပြများက သေနတ်(၁) ချက် ပစ်ဖောက်ခဲ့ကြကြောင်း ၊ ဖြစ်စဉ်ကို သက်ဆိုင်ရာကစစ်ဆေးစဉ် ရွှေဆိုင်အတွင်းရှိ ရွှေထည့်ထားသည့် မှန်ကောင်တာပေါ် တွင် အရှည် (၁)ပေခန့် ရှိ အနက်ရောင်သားရေဓါးအိမ်(၁)ခုကိုလည်းကောင်း၊ အခင်းဖြစ်ရွှေဆိုင်၏ခေါင်းရင်း (၃)အိမ်ကျော်အနီး ယာဉ်အ မှတ်မပါသော ဖြူ၊ နီရောင်ပါ တရုတ်ဘတ္ထရီဆိုင်ကယ်(၁)စီးကို လမ်းမပေါ်တွင် လဲနေသည့် အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပြီး အဆိုပါဆိုင်ကယ်၏ ဘယ်ဘက်ကပ်လျက်တွင် A USA SMM LUGER စာတမ်းပါ ကျည်ခွံ (၁)ခုကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါအမည်မသိအမျိုးသား (၃)ဦးအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။
ပုံစာ။ ဓားပြတိုက်မှုဖြစ်ပွားသည့် TK ရွှေဆိုင်မြင်ကွင်းနှင့် ဓားပြများကျန်ရစ်သည့် ပစ္စည်းအချို့မြင်ကွင်း။