၁၂. ၅. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ FMI အိမ်ရာ ကွန်ဒိုရှိ အခန်းတံခါးများအား လိုက်ခေါက်နေသော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို လုံခြုံရေးဝန်ထမ်း၂ ဦးက ဖမ်းဆီးကာ ထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးခဲ့မှု မေလ ၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာ၊ တပ်ထိပ်မှတ်တိုင်အနီး ဆိပ်ကမ်းသာလမ်းဘေးတွင် ဒဏ်ရာများရရှိထားသော အမျိုးသားကို FMI အိမ်ရာ လုံခြုံရေးဝန်ထမ်း၂ ဦးက ဘေးတွဲဆိုင်ကယ်ဖြင့် လာရောက်ချထားစဉ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှ အရိုက်ခံရ၍ သေဆုံးခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
လမ်းဘေးတွင် ချထားခံရသော အသက် ၃၀ ခန့် အမျိုးသားမှာ နဖူး၊ မေးစေ့၊ ဘယ်ညာတံတောင်တို့တွင် ပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းဖူးရောင်ပြီး သွေးထွက်ဒဏ်ရာ၊ညာဘက်ညှပ်ရိုးအပေါ်နှင့် လည်ပင်း၊ ခါးအနောက်တို့တွင် ပွန်းပဲ့ဒဏ်ရာ၊ ဘယ်ညာလက်ကောက်ဝတ်တို့တွင် ကြိုးပွန်းဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဥ်တွင် FMI အိမ်ရာ ကွန်ဒို၌ အမျိုးသားတစ်ဦး အခန်းတံခါးများအား လိုက်ခေါက်နေသည်ကို ဂိတ်(၁) လုံခြုံရေးဝန်ထမ်း ဦးမြင့်လွင်က လုံခြုံရေးဝန်ထမ်းများဖြစ်သော ကိုချစ်လင်းအောင်(၂၁နှစ်)နှင့် ကိုဖြိုးဝေလင်း(ခ)ဖြိုးဝေ(၁၉)နှစ်တို့ကို သွားရောက်ကြည့်ရှုခိုင်းရာမှ တံခါးလိုက်ခေါက်သူ အမျိုးသားက လုံခြုံရေးဝန်ထမ်း ၂ ဦးကို ရန်ပြုရန်ပြင်ဆင်သဖြင့် ထိုးကြိတ်ဖမ်းဆီး၍ ကြိုးဖြင့်တုတ်နှောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖမ်းဆီးထားသူကို ရဲစခန်းသို့ ပို့ရန် စီစဥ်နေစဥ် အဖမ်းခံရသူက ရဲစခန်းသို့မပို့ဘဲ အပြင်သို့ ပြန်လွှတ်ပေးရန် ပြောဆိုသဖြင့် လုံခြုံရေးဝန်ထမ်း ၂ ဦးက ဖမ်းဆီးထားသူကို FMI အိမ်ရာဂိတ်အနီးရှိ ဘေးတွဲဂိတ်မှ ဘေးတွဲဆိုင်ကယ်ဖြင့် တင်ဆောင်ပြီးတပ်ထိပ်မှတ်တိုင်အနီးရှိ ဆိပ်ကမ်းသာလမ်းဘေးသို့ ပို့ဆောင်ပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားတစ်ဦး အရိုက်ခံရကာ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေးဝန်ထမ်းများဖြစ်သော ကိုချစ်လင်းအောင်(၂၁နှစ်)နှင့် ကိုဖြိုးဝေလင်း(ခ)ဖြိုးဝေ(၁၉)နှစ်တို့ကို ပုဒ်မ၃၀၂ဖြင့် လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။