- ပြင်သစ်-အာဂျင်တီးနား ကမ္ဘာ့ဖလားဗိုလ်လုပွဲ သုံးသပ်ချက်
MT News
မနေ့ညက ကစားသွားတဲ့ ခရိုအေးရှားနဲ့ မော်ရိုကိုပွဲမှာတော့ ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရပြီး တတိယဆုကိုရသွားခဲ့ပါပြီ။
ဒီပွဲက နှစ်သင်းစလုံးအတွက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရေကုန်ရေခမ်းကန်ရမယ့်အခြေအနေဖြစ်လို့ နှစ်ဖက်စလုံးက တိုက်စစ်ကို အဓိကပုံဖော်ကစားခဲ့ကြတာပါ။
ဒါ့ကြောင့်ပဲ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ်သွင်းဂိုးတွေထပ်ရလာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ခရိုအေးရှားက မော်ရိုကိုရဲ့ကစားအားကို လျော့ချပစ်ချင်တာရယ်၊ ပွဲကိုထိန်းကစားချင်တာရယ်၊ အနိုင်ရလဒ်ကိုဆက်ထိန်းထားချင်တာရယ်ကြောင့် ဒုတိယပိုင်းမှာ သွင်းဂိုးမရှိပဲ ပွဲကပြီးဆုံးသွားပါတယ်။
ပွဲတစ်ပွဲလုံးကို ခြုံကြည့်ရင်တော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ နောက်ဆုံးဗိုလ်လုပွဲအထိရောက်ခဲ့ပြီး ဒုတိယရခဲ့တဲ့ ခရိုအေးရှားက ဘာဖိအားမှမရှိဘဲ သမ္ဘာနဲ့ကစားသွားခဲ့တာကိုတွေ့ရသလို ဒီနှစ်မှ တတိယနေရာလုပွဲရောက်လာတဲ့ မော်ရိုကိုကတော့ သူတို့ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ တတိယဆုရရေးအတွက် ဖိအားတွေရှိနေခဲ့တာကို တွေ့ရပါတယ်။
အစဉ်အလာကြီးသလို၊ နတ်ကြီးတဲ့ကမ္ဘာ့ဖလားက သူ့ဆီကိုလာဖူးတဲ့ဧည့်သည်ကိုပဲ ကောင်းကောင်းမွန်မွန်ဧည့်ခံတတ်သလို အသစ်ရောက်လာတဲ့ကော်ကောင်အသင်းတွေဟာ တတိယနေရာလုပွဲမှာ အရှုံးကြီးရှုံးတတ်ကြပါတယ်။
ဥပမာအနေနဲ့ပြောရရင် ၂၀၁၀ မှာ တောင်အာဖရိက၊ ၂၀၀၂ မှာ တောင်ကိုရီးယားတို့လိုအသင်းတွေက အသင်းကြီးတွေကိုကျော်ဖြတ်ပြီး ကော်ကောင်ဖြစ်လာခဲ့ကြပေမယ့် တတိယနေရာလုပွဲမှာပဲ ရှုံးခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားရဲ့ အစဉ်အလာလည်းဖြစ်သလို ကျိန်စာတစ်ခုလို့တောင် ပြောလို့ရပါတယ်။
ဗိုလ်လုပွဲတက်လာတဲ့နှစ်သင်း
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းတွေမှာ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အင်္ဂလန်တို့ အစဉ်လိုက်နေရာယူထားပါတယ်။ ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီတို့ အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပြီး အာဂျင်တီးနားနဲ့ အင်္ဂလန်ကလည်း ရှုံးထွက်အဆင့်တွေမှာ အောင်ဖျာလိပ်ခဲ့ကြရပါတယ်။
ဒီအထဲမှာမှ အာဂျင်တီးနားတစ်သင်းတည်းပဲ နောက်ဆုံးဗိုလ်လုပွဲကို ရောက်လာလို့ ချန်ပီယံအလေးပေးအဆင့်အရကြည့်ရင် အာဂျင်တိုင်းတို့ ချန်ပီယံဖြစ်နိုင်ချေရှိနေတယ်လို့ သုံးသပ်လို့ရပါတယ်။ နောက်တစ်ခုထူးခြားတဲ့အချက်က အာဂျင်တီးနားပရိသတ်တွေဟာ အုပ်စုပွဲစဉ်တွေထဲမှာကတည်းက သူတို့အသင်းကို အားရပါးရ အားပေးခဲ့ကြတာပါ။
ထူးခြားတဲ့နောက်တစ်ချက်ကိုပြောရရင် မက်ဆီလို တစ်ခေတ်မှာတစ်ယောက် ထူးချွန်တဲ့ကစားသမားအတွက် ဒီနှစ်ဟာ အသက်အရွယ်အရ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်နေတော့ သူဦးဆောင်တဲ့ အာဂျင်တိုင်းကို ကမ္ဘာ့ဖလားရစေချင်တာကလည်း ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲကဆန္ဒဖြစ်နေပါတယ်။
မက်ဆီကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားသက်တမ်းမှာ မာရာဒိုနာလို ကမ္ဘာ့ဖလားကို ကိုင်မြှောက်ပြီး အာဂျင်တိုင်းတို့ရဲ့ ဂန္တဝင်ကစားသမားဖြစ်ချင်နေတာပါ။ တစ်ခုရှိတာက မက်ဆီဟာ ကလပ်အသင်းပွဲစဉ်တွေမှာ ခြေစွမ်းပြပေမယ့် နိုင်ငံကိုယ်စားပြုကမ္ဘာ့ဖလားပွဲတွေမှာ လောက်လောက်လားလား ခြေစွမ်းပြသွားတာမျိုးတွေ မရှိသေးပါဘူး။ဒီအချက်ဟာ အာဂျင်တိုင်းတို့အတွက် စဉ်းစားစရာအချက်တစ်ချက်ဖြစ်နေတာ ကြာပါပြီ။
ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့စာရင်းမှာပါပေမယ့် Top 1 to 5 List ထဲမပါပဲ တက်လာတဲ့ ပြင်သစ်ကတော့ လက်ရှိချန်ပီယံပဲဖြစ်ပါတယ်။ ကာတာကိုမလာခင် ပြင်သစ်အသင်းမှာ အားထားရတဲ့ ကစားသမား ၅ ယောက် ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး ကာတာကိုရောက်လာတဲ့အချိန်မှာ ဘင်ဇီမာ အပါအဝင် ကစားသမားသုံးယောက် လေ့ကျင့်ရေးကွင်းမှာဒဏ်ရာရခဲ့လို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒဏ်ရာရခဲ့တဲ့အထဲ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ပေါလ်ပေါ့ဘာ၊ ကွန်တီတို့လို အလယ်တန်းကစားသမားနှစ်ယောက်ပါသွားလို့ အုပ်စုတောင်တက်ပါ့မလားလို့ စိုးရိမ်ခဲ့ရပါတယ်။
ဒါပေမယ့် အုပ်စုပွဲမှာ ဥရောပမှာခြေစွာနေတဲ့ သြစတြေးလျကို ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အဖွင့်ပွဲလှခဲ့ပါတယ်။ ဒိန်းမတ်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တူရကီကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့ပေမယ့် အုပ်စုဗိုလ်အနေနဲ့ အုပ်စုတက်လာခဲ့ပါတယ်။
၁၉၉၈ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ကိုနိုင်ပြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ပြင်သစ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရတဲ့ အစဉ်အလာရှိတာကြောင့် ဒီနှစ်မှာ သူတို့မှတ်တမ်းတင်ထားခဲ့တဲ့ အစဉ်အလာကို သူတို့ကိုယ်တိုင်ပြန်ဖျက်လိုက်တယ်လို့ ပြောလို့ရပြန်ပါတယ်။ရှုံးထွက်အဆင့်တွေမှာတော့ ပိုလန်ကို ၃ ဂိုး ၁ ဂိုး၊ နာမည်ကြီး အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုး၊ အကြိုဗိုလ်လုပွဲမှာတော့ မော်ရိုကိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလာပြီး နောက်ဆုံးဗိုလ်လုပွဲဆီကို တက်လာခဲ့ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တိုင်းတို့ရဲ့ လက်ရှိခြေစွမ်း
အဓိကကစားသမားတွေ ဒဏ်ရာရနေလို့ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တဲ့ ပြင်သစ်ရဲ့လက်ရှိခြေစွမ်းပိုင်းဟာ အားရစရာကောင်းနေတာကို တွေ့ရပါတယ်။ ခြောက်ပွဲကစားပြီး ရဂိုး ၁၃ ဂိုး၊ ပေးဂိုးက ၅ ဂိုးအထိရှိနေပါတယ်။ တစ်ပွဲ ပျမ်းမျှရဂိုး ၂ ဒဿမ ၁၆ ဂိုးနှုန်းရထားပြီး ပေးဂိုးက ၀ ဒဿမ ၈၃ ဂိုးရှိနေပါတယ်။ ကန်ခဲ့တဲ့ ခြောက်ပွဲကိုကြည့်ရင် ရှေ့တန်းက အမ်ဘာပေ၊ ဂီယော့ခ်နဲ့ ဂရတ်ဇ်မန်းတို့သုံးယောက်ကို ပုံမှန်ပွဲထွက်ခွင့်ပေးထားလို့ တည်ငြိမ်တယ်လို့ပြောရပေမယ့် ကွင်းလယ်ကတော့ အပြောင်းအလဲတွေအရမ်းများခဲ့ပါတယ်။ မိုနာကိုမှာလည်း ခြေစွမ်းပြနေတဲ့ ဖော်ဖန်နာ ကလွဲပြီး ကျန်တဲ့နှစ်နေရာက မတည်ငြိမ်တာကို တွေ့ရပါတယ်။
အာဂျင်တိုင်းကတော့ ဆော်ဒီကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးပြီး အဖွင့်ပွဲမလှခဲ့လို့ အုပ်စုမှတက်ပါ့မလားလို့တောင် စိုးရိမ်ခဲ့ရဖူးပါတယ်။ နောက်ကျန်နှစ်ပွဲဖြစ်တဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကန်လာခဲ့လို့ အုပ်စုဗိုလ်နဲ့ပြန်လာနိုင်တာပါ။ အဖွင့်ပွဲမှာ ကမ္ဘာ့ဖလားသမိုင်းတလျောက် ပေးဂိုးအများဆုံးစံချိန်တင်ထားတဲ့ ဆော်ဒီကို ရှုံးထားတဲ့ အာဂျင်တိုင်းတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်လာတာကလည်း သဲထိတ်ရင်ဖို။
သူတို့ဟာလည်း ရှုံးထွက်အဆင့်တွေမှာ သြစတြေးလျကို ၂ ဂိုး ၁ ဂိုး၊ ဟော်လန်နဲ့ ၂ ဂိုးစီသရေကျပြီး ပယ်နယ်လ်တီမှာ အနိုင်ရခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲမှာ ခရိုအေးရှားကို ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်လုပွဲတက်လာတာပါ။ ခြောက်ပွဲကစားထားတဲ့နေရာမှာ ပေးဂိုး ၅ ဂိုး၊ ရဂိုး ၁၂ ဂိုးအထိရှိနေလို့ ပြင်သစ်နဲ့ ပေးဂိုးတူပြီး ရဂိုးမှာ တစ်ဂိုးအသာရထားပါတယ်။
ဒီနှစ်ကမ္ဘာ့ဖလားကို လာတဲ့အထဲမှာ အာဂျင်တိုင်းက ဒဏ်ရာရကစားသမားနည်းတော့ နည်းပြစိတ်ကြိုက်ကစားသမားတွေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားတွေ ပွဲထွက်လာကြတာကို တွေ့ရပါတယ်။ ပွဲအနေအထားပေါ်မူတည်ပြီး လူအပြောင်းအလဲလုပ်တာကလွဲရင် ပွဲထွက်လူစာရင်း တည်ငြိမ်တယ်လို့ ပြောလို့ရပါတယ်။ အဓိကပွဲတွေမှာ အထောင်တိုက်စစ် အလာဗက် ခြေစွာဂိုးမြူးနေတဲ့အချက်ကတော့ သတိထားရမယ့်အချက်ပဲဖြစ်ပါတယ်။ အုပ်စုပွဲတွေမှာ ဖာနန်ဒက်ဇ် ခြေစွမ်းပြခဲ့သလို ရှုံးထွက်နဲ့ အကြိုဗိုလ်လုပွဲမှာ အလာဗက် ကခြေစွမ်းပြဂိုးတွေသွင်းနေပါတယ်။
နှစ်သင်းစလုံးအပေါ်မှာ ခြုံငုံသုံးသပ်ကြည့်ရင် ဥရောပအခြေစိုက်ကလပ်အသင်းတွေက ကစားသမားတွေဖြစ်နေကြလို့ ကစားသမားတစ်ယောက်ရဲ့အခြေအနေကို တစ်ယောက်ကသိနေပါတယ်။ စုဖွဲ့မှုအပိုင်းမှာလည်း တစ်သင်းနဲ့တစ်သင်း ကြီးကြီးမားမားကွာဟချက်မရှိတော့ ဒီညပွဲဟာ ခြေရည်တူနှစ်သင်း အကြိတ်အနယ်ကန်ပြီး ကြည့်ကောင်းမယ့်ပွဲလို့ တစ်ထစ်ချပြောလို့ရပါတယ်။
၁၉၃၀ မှစ၍ရေတွက်သော်
နှစ်ပေါင်း ၉၀ ကျော် ကမ္ဘာ့ဖလားအစဉ်အလာအရ လက်ရှိချန်ပီယံဟာ နောက်တစ်ကြိမ်ချန်ပီယံပြန်ဖြစ်တာ နှစ်သင်းပဲရှိပါသေးတယ်။ ၁၉၃၄ မှာ ချန်ပီယံ အီတလီဖြစ်ခဲ့ပြီး ၁၉၃၈ မှာ သူတို့နှစ်ကြိမ်ဆက်တိုက် ချန်ပီယံပြန်ဖြစ်ခဲ့ပါတယ်။ နောက်တစ်သင်းကတော့ ကမ္ဘာ့ဘောလုံးမှော်ဆရာကြီး ဘရာဇီးလ်ပါ။ ၁၉၅၈ မှာ ချန်ပီယံဖြစ်ပြီး နောက်တစ်ကြိမ် ၁၉၆၂ မှာ ချန်ပီယံပြန်ဖြစ်ခဲ့လို့ နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။
၁၉၆၆ အင်္ဂလန်အသင်း ချန်ပီယံဖြစ်ပြီးတဲ့နောက် နှစ်ကြိမ်ဆက်တိုက်ချန်ပီယံမရှိတော့တာ ဒီတစ်ကြိမ်နဲ့ဆိုရင် နှစ်ပေါင်း ၅၆ နှစ်ရှိခဲ့ပါပြီ။ ဒီအစဉ်အလာကိုတော့ မေ့ထားလို့မရပါဘူး။
သို့သော် ဒီနှစ်မှာထူးခြားတာက နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အီတလီဟာ ခြေစစ်ပွဲတောင်မအောင်ခဲ့လို့ အစဉ်အလာတွေချိုးဖောက်မလားဆိုတဲ့ သံသယတော့ ရှိစရာကောင်းနေပါပြီ။
အာဂျင်တိုင်းက ၁၉၇၈၊ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ သမိုင်းရှိပါတယ်။ ထိုနည်းတူစွာပွဲ ပြင်သစ်ကလည်း ၁၉၉၈၊ ၂၀၁၈ မှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အသင်းပဲဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားမှာ သမိုင်းဝင်ခဲ့တဲ့အသင်းတွေဖြစ်လို့ တစ်သင်းနဲ့တစ်သင်း အမှားခံလို့မဖြစ်တဲ့အနေအထားပါ။ အာဂျင်တိုင်းက ကမ္ဘာ့အဆင့် ၃ နေရာကိုရပ်တည်ထားပီး ဒီနှစ်ကမ္ဘာဖလားပွဲမတိုင်ခင် ၃၅ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။
မေ့ထားလို့မရတဲ့ နှစ်သင်းတွေ့ဆုံမှု
၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု ရှိခဲ့ပါတယ်။ ပွဲချိန်တစ်လျောက်လုံး အာဂျင်တိုင်းက ကစားကွက်အသာနဲ့ဖိကစားခဲ့ပေမယ့် အမ်ဘာပေကိုမထိန်းနဲ့တဲ့ဟာကွက်တစ်ခုတည်းနဲ့တင် ၄ ဂိုး ၃ ဂိုး ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ပြေးအားကောင်းပြီး အဆုံးသတ်သေချာတဲ့ အမ်ဘာပေရဲ့ အစွမ်းအစကိုလည်း မေ့ထားလို့မရပါဘူး။
အခုနှစ်မှာတော့ အာဂျင်တိုင်းဘက်မှာ ၂၀၁၈ က ကစားခဲ့တဲ့ ကစားသမား သုံးယောက်ပြန်ပါလာသလို ပြင်သစ်ဘက်ကတော့ ကစားသမားခြောက်ယောက်အထိ ပြန်ပါလာပါတယ်။ ၂၀၁၈ က ဂိုးသွင်းခဲ့တဲ့ ဒီမာရီယာက အသက်အရွယ်အရ ပုံမှန်ပွဲထွက်ခွင့်မရှိလို့ အာဂျင်တိုင်းဘက်မှာ ပြင်သစ်ကိုဂိုးသွင်းဖူးတဲ့ကစားသမားမရှိသလောက်ပါပဲ။ ပြင်သစ်ဘက်မှာတော့ အာဂျင်တိုင်းဘက်ကို နှစ်ဂိုးသွင်းခဲ့ဖူးတဲ့ အမ်ဘာပေ၊ တစ်ဂိုးသွင်းခဲ့ဖူးတဲ့ ဂရစ်စ်ဇမန်း တို့ပြန်ပါလာပါတယ်။
လူစီယာအိုင်ကွန်နစ်ကွင်းမှာ ဘယ်ကြယ်တွေတောက်ပမှာလဲ
အာဂျင်တိုင်းရဲ့နည်းပြကြီး စကာလိုနီကလည်း ခေသူမဟုတ်သလို သူကိုင်ခဲ့တဲ့ပွဲအားလုံးမှာ နိုင်ပွဲက ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ပြင်သစ်ရဲ့နည်းပြကြီး ဒက်ချမ့်စ် ကလည်း ဂန္တဝင်အသွေးအသားတွေကိုပိုင်တဲ့ သမ္ဘာရင့်နည်းပြ။ ဒီနေ့ပွဲမှာတော့ နည်းပြနှစ်ယောက်ရဲ့ လူထုတ်ပုံနဲ့ ကစားကွက်က ပွဲကို ၃၀ ရာခိုင်နှုန်းကျော်ထိန်းသွားနိုင်ပါလိမ့်မယ်။ တစ်ချက်မှားရင်တော့ အိုင်ကွန်နစ်မှာ ငိုပြီးအိမ်ပြန်ရမှာပါ။
အသင်းဖွဲ့စည်းပုံ၊ အစဉ်အလာ၊ ရလဒ်တွေက သိပ်မကွာလှသလို ခက်ခက်ခဲခဲနဲ့ကစားရမှာဖြစ်ပေမယ့် တဖြေးဖြေးခြေမှန်ပြီး ကစားပုံကျစ်လစ်လာတဲ့ ပြင်သစ်ကို အနိုင်ပေးချင်ပါတယ်။ နှစ်သင်း အကြီးမားဆုံးတွေ့ဆုံမှုအစဉ်အလာအရ ပြင်သစ်နောက်တန်းဟာ မက်ဆီ၊ အလာဗက်နဲ့ မာတီနက်ဇ် တို့ကို ကောင်းကောင်းကြီးထိန်းထားနိုင်ပါလိမ့်မယ်။
ပြင်သစ်ရဲ့ ဂျီယော့ခ်၊ ဂရစ်ဇမန်းမ် နဲ့ အမ်ဘာပေ တို့ရဲ့တိကျလျှင်မြန်တဲ့တိုက်စစ်ကြောင့် အာဂျင်တိုင်းတို့ ဂိုးအလှူတော်ကြီးဖြစ်သွားနိုင်ပါတယ်။
၅၆ နှစ်ကြာ ကျိန်စာသင့်ခဲ့တဲ့ နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခွင့်မရှိ ကျိန်စာဟာ ဒီကနေ့ည ကာတာမြေမှာ ကြေပါတော့မယ်။ မက်ဆီ အတွက်စိတ်မကောင်းစရာ သတင်းစကားလည်းဖြစ်ပါတယ်။
အကယ်၍သာ မော်ရိုကိုသာ ပြင်သစ်ကိုအနိုင်ကစားခဲ့ရင် GOAT ရဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ဆန္ဒက ပြည့်ဝနိုင်ပေမဲ့ ပြင်သစ်ဖြစ်နေတဲ့အတွက် ကမ္ဘာ့ဖလားနဲ့ကံခေတတ်တဲ့ GOAT တွေရဲ့အစဉ်အလာက အခုထိရှိနေဦးမှာပါလို့ပြောရင်း ဗိုလ်လုပွဲကိုစောင့်စားကြပါစို့။