၁၁.၅.၂၀၂၄
Translated by Htwe Ko Tun
ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းတို့အတွက် အခွင့်အရေးများနှင့် အထူးအခွင့်အရေးအသစ်များကို တရားဝင်ခွင့်ပြုချက်ပေးရန် မဲအသာစီးဖြင့် မေလ ၁၀ ရက်တွင်ဆုံးဖြတ်ခဲ့ပြီး ကုလသမဂ္ဂ၏ ၁၉၄ ခုမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးအတွက် ပါလက်စတိုင်း၏တောင်းဆိုချက်ကိုပြန်လည်စဉ်းစားရန်လုံခြုံရေးကောင်စီသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊အထွေထွေညီလာခံက အာရပ်နှင့် ပါလက်စတိုင်းတို့၏အဆိုပြုချက်အား ထောက်ခံမဲ ၁၄၃ မဲ၊ ကန့်ကွက်မဲ ကိုးမဲ၊ မဲမပေးဘဲနေသူ ၂၅ မဲဖြင့် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု၊ အစ္စရေး၊ အာဂျင်တီးနား၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ မိုက်ခရိုနီဆီးယား၊ နော်ရု၊ ပလောင်းသမ္မတနိုင်ငံ နှင့် ပါပူအာ နယူးဂီနီနိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြသည်။
အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့ကြခြင်းက ကုလသမဂ္ဂ အဖွဲ့ကြီးအတွင်း ကမ္ဘာတစ်ဝန်းရှိနိုင်ငံများက ပါလက်စတိုင်းအား အဖွဲ့ကြီး၏ အရည်အချင်းပြည့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် ထောက်ခံမှုကို ရောင်ပြန်ဟပ်ဖော်ပြလိုက်သကဲ့သို့ ရှိသည်ဟုပင်ဆိုရပေမည်။ အဖွဲ့ဝင်နိုင်ငံအများအပြားက ဂါဇာဒေသတွင် အရပ်သားပြည်သူတို့စစ်ပွဲကာလအတွင်း သေဆုံးခဲ့ရမှုများအတွက် မကျေမနပ်ဖြစ်ခဲ့ကြပြီး ရာဖာမြို့ကို အစ္စရေးတို့က ထိုးစစ်ဆင်ရန်ဟန်ပြင်နေခြင်းအတွက်လည်း စိုးရွံ့ခဲ့ကြသည်။ ဂါဇာဒေသ၏တောင်ဘက်အစွန်ဆုံးလည်းဖြစ်သော ရာဖာမြို့တွင် ယခုအခါ ပါလက်စတိုင်းစစ်ပြေးဒုက္ခသည် ၁ ဒသမ ၃ သန်းခန့် ခိုလှုံနေကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀၀ ခန့်သေဆုံးခဲ့ပြီးနောက် အောက်တိုဘာလ ၂၇ ရက်တွင် အထွေထွေညီလာခံက ဂါဇာဒေသအတွင်း လူသားချင်းစာနာမှုဖြင့် အစ္စရေး-ဟားမားစ် စစ်ပွဲကို အပစ်အခတ်ရပ်ရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်ချခဲ့ရာ၌ ထောက်ခံမဲ ၁၂၀၊ ကန့်ကွက်မဲ ၁၄ မဲနှင့် မဲမပေးဘဲနေသူ ၄၅ မဲရှိခဲ့သည်။ ထို့ကြောင့်လည်း ထိုစဉ်ကနှင့်နှိုင်းယှဉ်လျှင် ပါလက်စတိုင်းတို့အား ထောက်ခံမှုက ခုနှစ်လအတွင်းမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
မေလ ၁၀ ရက် အထွေထွေညီလာခံဆုံးဖြတ်ချက်က ပါလက်စတိုင်းတို့အား အခွင့်အရေးများနှင့် အထူးအခွင့်အရေး အချို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သော်လည်း ပါလက်စတိုင်းအနေဖြင့် ကုလသမဂ္ဂ၏အမြဲတန်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းမဟုတ်သေးကာ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ၏အခြားညီလာခံများတွင် မဲပေးပိုင်ခွင့်မရှိသေးသောလေ့လာသူနိုင်ငံအဖြစ်သာ ရှိသေးသည်ကို ထပ်မံအတည်ပြုခဲ့သည်။
အမေရိကန်ကလည်း လုံခြုံရေး၊ နယ်နိမိတ်သတ်မှတ်မှုနှင့် ဂျေရုဆလင်မြို့၏အနာဂတ် စသည့် ပါလက်စတိုင်းနိုင်ငံအဖြစ်တည်ရှိရေးအတွက် အဓိက ပြဿနာများကို အစ္စရေးနှင့်တိုက်ရိုက်ညှိနှိုင်း ဖြေရှင်းမှုမပြုနိုင်သရွေ့ ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးကို ပိတ်ဆို့ဆန့်ကျင်သွားမည်ဟု ဆိုခဲ့သည်။
ဧပြီလ ၁၈ ရက်တွင် ပါလက်စတိုင်းတို့အား ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် လမ်းစဖော်ပေးသည်ဟုဆိုရမည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌လည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ ၎င်းက အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နှစ်ဖက်စလုံးက ကိုယ်ပိုင်နိုင်ငံများအဖြစ် ရပ်တည်နေနိုင်ခွင့်ကို နှစ်ဖက်ဦးစွာ ညှိနှိုင်းဆွေးနွေးကြရမည်ဟု ပြောခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်အရ လုံခြုံရေးကောင်စီက အဖွဲ့ဝင်သစ်တစ်ဦးအဖြစ် နောက်ဆုံးအသိအမှတ်ပြု လက်ခံရေးအတွက်အထွေထွေညီလာခံသို့ အဖွဲ့ဝင်သစ်ဖြစ်လိုသူနိုင်ငံအား အကြံပြုပေးပို့ရမည်ဖြစ်သည်။ ပါလက်စတိုင်းက လေ့လာသူနိုင်ငံအဖြစ် ၂၀၁၂ ခုနှစ်ကပင် ဖြစ်လာခဲ့သော်လည်း အစ္စရေး- ပါလက်စတိုင်းအရေးကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်မှုကို ပိတ်ဆို့ခံထားရသည်။
အစ္စရေးနိုင်ငံ၏ ကုလသမဂ္ဂဆီုင်ရာသံအမတ် ဂီလတ်အာဒန်ကမူ မေလ ၁၀ ရက် အထွေထွေညီလာခံ ဆုံးဖြတ်ချက်က ပါလက်စတိုင်းတို့အား အခွင့်အရေးများနှင့် အထူးအခွင့်အရေး အချို့ကို ပေးအပ်ခဲ့ခြင်းအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် ဟားမားစ်တို့၏ အောက်တိုဘာလ ၇ ရက် အကြမ်းဖက်မှုများအပေါ်ကိုမူ ဖော်ပြရည်ညွှန်းမှုမရှိသောကြောင့် ဟားမားစ်တို့အနေနှင့် ကုလသမဂ္ဂမှ အခွင့်အရေးများနှင့် အထူးအခွင့်အရေးများပါရရှိသော ခေတ်သစ်နာဇီများပင်ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ ၎င်းက အနာဂတ်တွင် အကြမ်းဖက်ဟားမားစ်တို့၏နိုင်ငံအား ကုလသမဂ္ဂက အခွင့်အရေးများနှင့် အထူးအခွင့်အရေးများပါပေးအပ်ခြင်းဖြစ်လိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
တစ်ဖက်တွင်လည်း ရုရှားနှင့်တရုတ်ကဲ့သို့ နိုင်ငံကြီးများက ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ခိုင်မာစွာထောက်ခံနေကြသည်။
ထို့ကြောင့်လည်း ဂါဇာစစ်ပွဲနှင့်အတူ ပြန်လည်လှုပ်ရှားပေါ်ပေါက်လာခဲ့သော ပါလက်စတိုင်းနိုင်ငံအဖြစ် ကုလသမဂ္ဂဝင်ခွင့်ရရေးဆောင်ရွက်မှုက ၇၅ နှစ်ကျော်ကြာပြီဖြစ်သော အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို အရေးကြီးအဆင့်အနေအထားသို့ ပြန်လည်ရောက်ရှိစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
Ref- AP