၁၁. ၅. ၂၀၂၄
Written by Nay Moe
ကန့်ဘလူမြို့နယ်၊ မလည်ရွာ အထိုင်တပ်စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သလို PDF ဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရုံးချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာအခြေပြုထားသောတဲ့ တပ်မတော် အထိုင်စခန်းကို အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း (၃)၊ အမှတ် (၅၁၀) တပ်ရင်းတို့က မေလ (၇) ရက် နံနက် ၅ နာရီ ၁၅ မိနစ်ကနေ နေ့လယ် ၁၁ နာရီခွဲခန့်အထိ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကန့်ဘလူ-ပကဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ခင်ဦး-ပလဖ) တို့က ထောက်ပံ့ ပို့ဆောင်ရေးနဲ့ဖြတ်တောက်ရေး ပါဝင်ခဲ့တာပါ။
တိုက်ပွဲအတွင်း တပ်မတော်ရဲ့ တတက-၁၃ က လက်နက်ကြီး အကြိမ် (၆၀) ကျော် ပစ်ကူပေးခဲ့ပြီး ပြင်ဦးလွင် (အနီးစခန်း)က Mi-35 (၁) စီးနဲ့ လေကြောင်း ပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့ပါတယ်။ တံတားဦးလေတပ်က Jet Fighter (၁) စီးနဲ့ (၄) ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 နဲ့ ဗုံးအလုံး (၆၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့သလို ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ တပ်အင်အား (၇၀) ခန့်ကလည်း ကျောက်လုံးကြီးရွာဆီ ရေလမ်းကြောင်းက လာရောက် စစ်ကူပေးခဲ့တယ်ပြောပါတယ်။
တိုက်ပွဲအတွင်း တပ်မတော်သား (၆) ဦး မျက်မြင်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ဆုတ်ခွာသူတွေလည်းရှိပြီး တပ်ဘက်က လက်နက်မျိုးစုံ (၁၄) လက်အပါအဝင် ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့တယ်ဆိုပေမဲ့ အမှန်တကယ်ဟုတ်မဟုတ် အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ PDF ဘက်က ၁၀ ဦးသေတယ်လို့တော့ NUG စစ်ရုံးချုပ်က ဝန်ခံထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရတယ်လို့လည်း သိရပေမဲ့ မလည်ရွာက အထိုင်တပ်စခန်းကို လာပစ်ခတ်တဲ့ PDF တွေ ပစ်ခတ်မှုကြောင့် ပြည်သူတွေထိခိုက်တာလို့ NUG က ဝန်ခံမထားဘဲ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုအပေါ်ပဲ အပြစ်ပုံချထားပါတယ်။