၁၁.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ ၊ အမှတ် – (၇)လမ်းမကြီးဘေးတွင် မေလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က အာဟာရပြတ်ကာ သေဆုံးနေသော အမျိုးသားအလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၂ နှစ် ဝန်းကျင်ခန့်ရှိပြီး လမ်းမဘေး မြက်ပင်များကြားတွင် လဲကျသေဆုံးနေခြင်း ဖြစ်ကာ တာဝန်ရှိသူများက အမျိုးသားတစ်ဦးသေဆုံးနေမှုနှင့်ပတ်သက်၍ ကူညီပေးရန်ဆက်သွယ်ခဲ့သဖြင့် အသင်းဝင် ၅ ဦးဖြင့် သွားရောက်ကာ အလောင်းကို သယ်ဆောင်ပေးခဲ့ကြောင်း ကရုဏာရှင် အခမဲ့ နာရေးကူညီမှုအသင်း(လှည်းကူးမြို့)ထံမှ သိရသည်။
“သေဆုံးတဲ့သူက လူလတ်ပိုင်းပါပဲ။ အာဟာရပြတ်ပြီးလဲကျသေဆုံးနေတယ်လို့ ယူဆရပါတယ်။ သေဆုံးသူမှာ ပြင်ပဒဏ်ရာတော့မတွေ့ရပါဘူး။ အခုထိလည်း ပိုင်ရှင်မပေါ်သေးပါဘူး”ဟု ကရုဏာရှင် အခမဲ့ နာရေးကူညီမှု အသင်း(လှည်းကူးမြို့)မှ အသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး လှည်းကူးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိသည်။