၁၇. ၁၂. ၂၀၂၂
Written by Nay Moe
ကော့ကရိတ်မြို့ရှိ ငါးတိုင်ဓာတ်အားခွဲရုံ လုံခြုံရေးယူနေသည့် လခရများအား KNLA နှင့် PDF ပူးပေါင်းတပ်များက Drone ဖြင့် ဗုံးသီး ၁၃ လုံး ခွဲကာ တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 – 𝐒𝐃𝐃𝐅 တပ်ဖွဲ့မှ ဗုံးသီးကြီး ၄လုံး၊ ဗုံးသီးငယ် ၉လုံး စုစုပေါင်း ၁၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ လုံး စလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီအချိန်မှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ KNLA ၏ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း KTLA၊ PDF၊ ARMS မဟာမိတ်တပ်များနှင့်အတူ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 – 𝐒𝐃𝐃𝐅 မှလည်းပါဝင်တိုက်ခိုက်ခဲ့သည်။
ထိုသို့ KNLA နှင့် PDF များ ပူးပေါင်းတိုက်ခိုက်ရာတွင် ကရင်ပြည်နယ်အတွင်းမှ KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့၊ ငါးတိုင်နှင့် လှိုင်ဝတို့တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လခရများဘက်မှ ခြောက်ဦးခန့်ကျဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားသည့် ကော့ကရိတ်ဒေသအနီးတဝိုက်တိုက်ပွဲတွင် သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအကြီး သုံးလုံး ပေါက်ကွဲပျက်စီးခဲ့ပြီး အာရှလမ်းပိုင်းရှိ တောနော်ရေတံခွန်အနီးမှတံတားလည်း မိုင်းကွဲပျက်စီးသွားကြောင်း၊ ထို့အတူ မြဝတီမြို့နှင့် အနီးမြို့လေးမြို့ကို ဖြန့်ဝေသည့် ပင်မဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ဖျက်ဆီးခံရခြင်းကြောင့် လူ ၆၀၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး ပြုပြင်ရန် လချီ ကြာနိုင်ကြောင်း သိရသည်။