၁၁. ၅. ၂၀၂၄
Written by Nyein Kyaw
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ကျန်ရှိနေသည့် အခန်းပေါင်း ၁၉၄၀ ကျော်အား လာမည့် ဇွန်လမှစတင်၍ သုံးကြိမ်ခွဲပြီး ၂၀၂၄ ခုနှစ်အတွင်း နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက မေလ ၁၀ ရက်တွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အခန်းပေါင်း ၁၁၆၈ ခန်းအား ပြည်သူများနေထိုင်နိုင်ရေးအတွက် အခန်းနေရာချထားပြီးဖြစ်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် အခန်းပေါင်း ၈၁၀၊ ဇူလိုင်လတွင် ၈၆၄ ခန်းနှင့် ဒီဇင်ဘာလတွင် ၂၇၂ ခန်းအား ပြည်သူများအတွက် အခန်းနေရာချထားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။ အဆိုပါ ဇွန်လ၊ ဇူလိုင်လနှင့် ဒီဇင်ဘာလ သုံးကြိမ်အတွင်း စုစုပေါင်းအခန်း ၁၉၄၆ ခန်း နေရာချထားပေးမည်ဖြစ်သည်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံး၏ အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်၍ ယခုမေလအတွင်း တပ်ဆင်သွားမည်ဖြစ်သောကြောင့် ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်ငှားရမ်းခွင့်အတွက် အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့အား မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီး လမ်းဆုံအနီးတွင် တည်ဆောက်လျက်ရှိပြီး အခန်းပေါင်း ၃၁၀၀ ကျော်ရှိသည်။ အိမ်ခန်းငှားရမ်းခြင်း သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကာ ကနဦးထုတ်ပြန်ချက်အရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ်- ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ်- ၆၀,၀၀၀ ကျပ်၊ တတိယထပ်- ၅၅,၀၀၀ ကျပ်၊ စတုတ္ထအထပ်-၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။