၁၇. ၁၂. ၂၀၂၂
Written by Ye Kyaw
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု၌ ကုန်သွယ်ရေးဂိတ်တစ်ခုတည်းသာ ဖွင့်ပေးထားသည့်အတွက် တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၇၀ ခန့်သာ ကုန်သွယ်မှုဆောင်ရွက်နိုင်ပြီး နယ်စပ်ဂိတ်အားလုံး ပြန်ဖွင့်လာနိုင်ပါက ကုန်သွယ်မှုမြင့်တက်လာနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်၏ အတွင်းရေးမှူးက MT News သို့ ပြောကြားသည်။
“မူဆယ်မြို့ နယ်စပ်ဂိတ်ပေါက် တစ်ခုဖြစ်တဲ့ ကျိန်စန်းကျော့(ကျင်စန်းကျော့) ဂိတ်ကနေပြီးတော့ နေ့စဥ် ဆန်ကားတွေ၊ ဆန်ကွဲကားတွေ၊ ရော်ဘာကားတွေ၊ ပြောင်းကားတွေ၊ ပဲကားတွေ၊ နှမ်းကားတွေ၊ ငရုတ်သီးကားတွေ စားကုန်သောက်ကုန်ကားတွေ နောက်ပြီး ဖရဲသီးကားတွေ၊ သခွားကားတွေ နေ့စဥ်အစီးရေ ၁၂၀ လောက် မြန်မာပြည်ကနေ တရုတ်ပြည်ကိုသွားသလို တရုတ်နိုင်ငံကလည်း လျှပ်စစ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေ စားကုန်သောက်ကုန်ပစ္စည်းအပါအဝင် အစီးရေ ၅၀ လောက်ဝင်တယ်။ ဒီကနေပြီးတော့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး နေ့စဥ်အဝင်အထွက် ကားအစီးရေ ၁၇၀ ခန့်လောက်ပဲရှိတယ်” ဟု မူဆယ်ကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးမင်းသိန်းက ပြောသည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်အားလုံး လာမည့် ဇန်နဝါရီလအတွင်း ပြန်ဖွင့်ပေးမည်ကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ကုန်သွယ်ရေးဆောင်ရွက်နေသည့် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်မှ မကြာမီ ပြန်ဖွင့်ပေးနိုင်ကြောင်း သိရသည်။
“ကျန်တဲ့ဂိတ်တွေကတော့ အားလုံးမှန်းကြတာတော့ ဇန်နဝါရီ ၁၃ ရက် မှန်းသလို၊ တရုတ်နှစ်ကူးကိုလည်း မှန်းတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှ တရုတ်နှစ်သစ်ကူးလေ။ တရုတ်နှစ်သစ်ကူးပြီးမှ ဖွင့်မယ်လို့လဲ ပြောသံကြားတယ်။ အတိအကျ မပြောနိုင်သေးဘူး။ ဒါက တရုတ်ဘက်ကဖွင့်မှရမှာလေ။ Lockdown တွေတော့ တော်တော်လျှော့လိုက်ပြီး အလားလာကတော့ တော်တော်နီးစပ်လာပါပြီ” ဟု ၎င်းက ဆိုသည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိနှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၇၅ သန်းကျော်သာရှိသည်။
အဆိုပါကာလတွင် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါများကြောင့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုတွင် တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန်များ လျော့ကျလျက်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၉ သန်းကျော်အထိ လျော့ကျခဲ့သည်။