၁၁.၅.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်းဝလမ်းထိပ်တွင် တွဲကားယာဥ်မှ မော်တော် ဆိုင်ကယ်မောင်းသူကို ကြိတ်မိရာ ထိုအမျိုးသားသေဆုံး၍ တွဲကားယာဥ်မှာ မောင်းနှင်ထွက်ပြေးသွားမှု မေလ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တွဲကားအကြိတ်ခံရမူကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်သည့်အမျိုးသား အခင်းဖြစ်ပွားရာနေရာ၌ ဦးခေါင်းကြေမွ သေဆုံးသွားသောကြောင့် မေလ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ရွှေမင်းဝန်ပရဟိတအသင်းနှင့် နန်းတော်ဦးအသင်းတို့မှ ဖြစ်စဥ်နေရာသို့ ရောက်ရှိသွားပြီး နန်းတော်ဦးအသင်းက ရုပ်အလောင်းကို တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“တွဲကားမောင်းသူက ထွက်ပြေးသွားတယ်။ ဆိုင်ကယ်မောင်းသူက တွဲကားအကြိတ်ခံရလို့ ဦးခေါင်းနဲ့ ညာဘက်ခြေထောက်အကြိတ်ခံရလို့ သေသွားတယ်” ဟု ရွှေမင်းဝန်ပရဟိတအသင်းမှ အရှင်စန္ဒောဘာသက MT News သို့ မိန့်သည်။
တွဲကားအကြိတ်ခံရမှုကြောင့် သေဆုံးသွားသည့် အမျိုးသားမှာ တောင်ငူမြို့၊ အင်းဝလမ်းတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ရွှေမင်းဝန်အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရစိတအသင်း