October 23, 2024

၁၇.၁၂.၂၀၂၂
Written by Nay Aung

အာဂျင်တီးနား ဘောလုံးပရိသတ်တစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ကမ္ဘာဖလား ဘောလုံးပွဲစဉ်ကို ကြည့်ချင်လွန်းတဲ့အတွက် အိမ်ကိုအမြန်ပြန်နိုင်ဖို့ ခရီးသည် အပြည့်ပါဝင်တဲ့ ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့ရာက ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၁၃ရက်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးယက်စ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၅၃ နှစ်အရွယ်ရှိ အာဂျင်တီးနား အမျိုးသားတစ်ဦးဟာ ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ကစားမယ့် ပွဲစဉ်ကိုကြည့်ရှုနိုင်ဖို့ အိမ်ကိုအချိန်မီပြန်ရောက်ဖို့ ဖရာဂါမြို့နဲ့ အေဗီနီဒါရီကာဒို ဘယ်လ်ဘင်မြို့ကို ပြေးဆွဲနေတဲ့ အမှတ် ၄၄၀ ယာဉ်လိုင်းရဲ့ ဘက်စ်ကားကို စီးနင်းခဲ့တဲ့ အာဂျင်တီးနားအမျိုးသားကြီးက ဘက်စ်ကားကို စ,စီးကတည်းက ဘက်စ်ကားရဲ့မောင်းနှင်နှုန်းဟာ ဘောလုံးပြိုင်ပွဲစတင်ချိန်ကို ကြည့်ရှုဖို့ မမီနိုင်ဘူး တွေးထင်ခဲ့ပါတယ်။

ကားမောင်းနှင်နေချိန်အတွင်း မီးပွိုင့်မိခဲ့ပြီး မီးပွိုင့်မှာ ကားရပ်နေချိန်မှာ ကားမောင်းသမားကလည်း ပစ္စည်းဝယ်ဖို့ ကားပေါ်ကဆင်းချိန်မှာ အာဂျင်တီးနားဘောလုံးပရိသတ်အမျိုးသားကြီးက ကားမောင်းသမားနေရာကိုခုန်ဝင်ပြီး ကားကို သူ့ ရဲ့အိမ်နားကို တန်းမောင်းခဲ့ပါတယ်။

ပစ္စည်းဝယ်နေတဲ့ ကားမောင်းသမားဟာ သူ့ ရဲ့ဘတ်စ်ကား အဝေးကို ထွက်သွားတာ တွေ့မြင်ခဲ့ပြီးနောက် ကားပြန်ပေးဆွဲခံရတဲ့အကြောင်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ရာက ရဲက ပြန်ပေးဆွဲခံရတဲ့ ကားရဲ့ တည်နေရာကို သိရှိဖို့ ဖြန့်ကြတ်စုံစမ်းခဲ့ပါတယ်။

အာဂျင်တီးနားအခြေစိုက်သတင်းတွေ ဖော်ပြချက်အရ အသက် ၅၃ နှစ်အရွယ်ရှိ အာဂျင်တီးနားဘောလုံးအသင်းပရိသတ်အမျိုးသားကြီးဟာ ခရီးသည်အပြည့်ပါတဲ့ ကားကို သူ့အိမ်အနီးမရပ်ခင် ၄ မိုင်အကွာကို မောင်းနှင်ခဲ့ပြီး လမ်းလျှောက်သွားချိန်မှာ ရဲက သူ့ကို Maestro Ferreyra လမ်းမှာ ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အဆိုပါ အာဂျင်တီးနားအမျိုးသားကြီးဟာ ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ ကစားမယ့် ကမ္ဘာဖလားအကြိုဗိုလ်လုပွဲစဉ်ကို ကြည့်ရူအားပေးဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ရဲက စုံစမ်းစစ်ဆေးခံရတဲ့အတွက် ပွဲစဉ်တစ်ခုလုံးကို ကြည့်ရှုဖို့ လွှဲချော်ခဲ့ပါတယ်။

ရဲစခန်းဟာ အာဂျင်တီးနားဘောလုံးပရိသတ်အမျိုးသားကြီးကို အများပြည်သူပို့ဆောင်ရေးယာဉ် ပြန်ပေးဆွဲမှုနဲ့ စွဲချက်တင်ခဲ့ပြီး သူ့ကို အာဂျင်တီးနားနဲ့ ပြင်သစ်တို့ကစားမယ့် ကမ္ဘာဖလားဗိုလ်လုပွဲစဉ်မတိုင်ခင် ပြန်လွှတ်ပေး မပေးဆိုတဲ့အချက်ကို အတိအကျမသိရသေးပါဘူး။

Ref, Odditycentral

Leave a Reply

Your email address will not be published. Required fields are marked *