October 23, 2024

၁၇. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် လစ်ဗျားနိုင်ငံ အစိုးရတို့၏ ကုလသမဂ္ဂဆိုင်ရာသံအမတ်များကို အတည်ပြုရန် ကိစ္စများကို ရွှေ့ဆိုင်းမှုပြုထားရန် Credentials Committee ၏ အကြံပြုချက်ကို ဒီဇင်ဘာ ၁၆ ရက်က အတည်ပြုခဲ့ကြောင်းသိရသည်။

ထိုသို့ ရွှေ့ဆိုင်းခဲ့မှုက အဆိုပါသုံးနိုင်ငံ၏ လက်ရှိကုလသမဂ္ဂဆိုင်ရာသံအမတ်များသည် ၎င်းတို့၏ နေရာများတွင် ဆက်လက်တာဝန်ယူထားကြမည့် သဘောဖြစ်ကြောင်းလည်း သိရသည်။ ၎င်းနေရာများအတွက် မည်သူမည်ဝါက သင့်တော်ကြောင်း မဲခွဲဆုံးဖြတ်မှုကို ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။

အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံ၏ ယခင်အစိုးရဟောင်း လက်ထက်က သံအမတ်ဖြစ်သော ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ သံအမတ်အဖြစ် ဆက်လက်ထားရှိရာ အသွင်ရောက်စေမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏အာဏာကို ထိန်းသိမ်းရယူထားသော နစက အစိုးရကလည်း ဦးကျော်မိုးထွန်းနေရာတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံ၏သံအမတ်အသစ်ကို ခန့်ထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုလျှင်လည်း ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်းမှ အမေရိကန်နှင့် နေတိုးတပ်များ ထွက်ခွာသွားပြီးနောက် အာဏာရယူခဲ့သော တာလီဘန်အစိုးရ၏သံအမတ်အစား အာဖဂန်နစ္စတန် ယခင်အစိုးရလက်အောက်မှ သူများကသာ ကုလသမဂ္ဂ ဆိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံသံအမတ်နေရာကို ထိန်းချုပ်ထားဆဲဖြစ်သည်။

လစ်ဗျားနိုင်ငံတွင်လည်း ပြိုင်ဘက်အစိုးရနှစ်ခု ပေါ်ပေါက်လျက်ရှိရာတွင် ကုလသမဂ္ဂအနေဖြင့် ထရီပိုလီမြို့အခြေစိုက် လစ်ဗျားအစိုးရ၏ သံအမတ်ဖြစ်သော တာဟာ အယ်လ်ဆွန်နီကိုသာ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားနိုင်ငံသံအမတ်အဖြစ်ဆက်လက်အတည်ပြုရန်မျှော်လင့်ရသည်။

Ref, Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *