October 23, 2024

၁၇. ၁၂. ၂၀၂၂
Written by Ye Kyaw

(၇၅)နှစ်မြောက် စိန်‌ရတု လွတ်လပ်‌ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် (၂၉)ဇုန်၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် တည်ရှိသည့် Myanmar Convention Center (MCC) ခန်းမတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ပြပွဲတွင် ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များဖြစ်ကြသော တောင်ဒဂုံစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ သာကေတစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်၊ ဝါးတရာစက်မှုဇုန်၊ သာဓုကန်စက်မှုဇုန်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန် စသည်တို့အပြင် အခြားသောစက်မှုဇုန်များမှ ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိကြောင်း တွေ့ရှိရသည်။

“ဒီပြပွဲကို လာပြတာကတော့ အဓိက ပစ္စည်းရောင်းရဖို့ထက် ကိုယ့်ရဲ့ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေကို သိရှိအောင် ပြသတာဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဘာတွေရနိုင်တယ် ဒါတွေကို အများပြည်သူသိအောင် အဓိကလုပ်ဆောင်တာပါ” ဟု တောင်ဒဂုံစက်မှုဇုန်မှ မီးသတ်ဆေးဘူးအမျိုးမျိုးကို လာရောက်ပြသသော ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အိမ်သုံးနှင့် လျှပ်စစ်ပစ္စည်းများသာမက စားသောက်ကုန်ပစ္စည်း၊ ကိတ်နှင့်မုန့်မျိုးစုံများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လာရောက်ပြသလျက်ရှိပြီး ၎င်းတို့၏ အသစ်ထုတ်လုပ်ထားသော စားသောက်ကုန်များကို လာရောက်ပြသခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က ဒီမှာက ရောင်းရဖို့ထက် ကျွန်မတို့ရဲ့ အသစ်ထုတ်ထားတဲ့ မုန့်တွေရှိတယ်။ ဒါတွေကို စျေးကွက်ဖောက်တဲ့သဘောပေါ့။ အဓိက ကျွန်မတို့ရဲ့ ကုန်အမှတ်တံဆိပ်တွေကို စားသုံးတွေ ရင်းနှီးလာအောင် သိရှိလာအောင် လာပြတဲ့သဘောပေါ့နော်” ဟု စားသောက်ကုန်များ လာရောက်ပြသနေသည့်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့် အိမ်သုံးဆေးများ၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်၊ အိမ်ခန်း၊ မီးဖိုချောင်နှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၈၈ ခန်းဖြင့် ခင်းကျင်းပြသနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နေ့စဥ်မနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်တွင်း ခင်းကျင်းပြသနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *