October 23, 2024

MT News

Written by Naing thuta

မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ ၁၆ ရက်နေ့ တစ်နေ့တာအတွင်း ငလျင်လှုပ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက MT News သို့ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်က နံနက် ၃ နာရီ ၁၆ မိနစ်၌ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိအင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ရှိ မင်းကွန်းဒေသတွင် ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ဘုရားများ ပျက်စီးထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ တစ်နေ့တာအတွင်း ငလျင်၃ကြိမ် လှုပ်ရှားခဲ့ပြီး တံတားဦးငလျင်၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်းလည်း သိရသည်။

မန္တလေးတွင် တစ်နေ့တာအတွင်း ငလျင်လှုပ်ခတ်မှုများအဖြစ် ဒီဇင်ဘာ ၁၆ ရက်၊ မြန်မာစံတော်ချိန် ၆ နာရီ၊ ၄၅ မိနစ်၊ ၂၁ စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ရှားခဲ့သည်။

၎င်းအပြင် မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ၊ ၂၉ မိနစ်၊ ၁၃ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော မြစ်ငယ်မြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ အနက် ၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကာ နေ့လည် ၂ နာရီ၊ ၂၈ မိနစ်၊ ၃၁ စက္ကန့်တွင်လည်း မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော အမရပူရမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

“မနက်ကလည်း အစောကြီး ၆ နာရီလောက် လှုပ်သွားသေးတယ်။ နေ့လည်က တစ်နာရီခြားတစ်ကြိမ်စီ ပြန်လှုပ်သွားတယ်။ နောက်ဆုံးလှုပ်တာတော့ နည်းနည်းကြမ်းပြီး စက္ကန့်ပိုင်းလောက်ပဲကြာတယ်။ တိုက်ခန်းမှာနေတာဆိုတော့ တော်တော်လှုပ်သွားတာကို ခံစားလိုက်ရတယ်။ တော်သေးတယ်။ ဒီလောက်နဲ့ပဲမို့လို့။ နောက်ဆက်တွဲပြန်လှုပ်ခတ်မှာ ကြောက်တယ်” ဟု မြရည်နန္ဒာတိုက်ခန်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယနေ့လှုပ်ခတ်သွားသောငလျင်များကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်းပထမအကြိမ်လှုပ်ခတ်မှုအား ပြည်သူများ သိရှိမှု နည်းခဲ့သော်လည်း တတိယအကြိမ်လှုပ်ခတ်မှုကိုမူ မြို့နေပြည်သူများ ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါငလျင်အား မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့များဖြစ်သော ပြင်ဦးလွင်မြို့နယ်၊ တံတားဦးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ပုလိပ်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် နေထိုင်သူများမှ ခံစားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *