October 23, 2024

MT News

Written by Thettant

မြဝတီအပါအဝင် မြို့လေးမြို့နှင့် အနီးဝန်းကျင်ကို ဓာတ်အားဖြန့်ဖြူးပေးသည့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ တိုက်ခိုက် ဖျက်ဆီးခံခဲ့ရသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့က ကြေညာသည်။

ဖြစ်စဥ်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးသော ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီခွဲတွင် NUG ၏ PDF များမှ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် (၅၀) အမ်ဗွီအေ ထရန်စဖော်မာ(၂) လုံး၊ (၂၀) အမ်ဗွီအေ Shut Reactor (၁)လုံး၊ Gas Circuit Breaker (၂) လုံး၊ Lightning Arrester (၂) လုံး၊ Potential Transformer (၂)လုံး၊ ဓာတ်အားကြိုးများ၊ ဓာတ်အားထိန်းချုပ် အဆောက်အအုံနှင့် မီးစက်အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဓာတ်အားပြတ်တောက်မှုကြောင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့်အနီးဝန်းကျင်ဒေသများရှိ မီးသုံးစွဲသူ ၅၆,၃၆၃ ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ်ရေးဇုန်တို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရသည်။ PDF များအနေဖြင့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု အကြိမ်ပေါင်း ၂၁၀ ပစ်ခတ်ဖျက်ဆီး ဖောက်ခွဲခဲ့ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *