MT News
Written by Naing Thuta
ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးတွင် သုံးကြိမ်လှုပ်ခတ်သည့်ငလျင်များအနက် အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိလှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ဘုရားစေတီပုထိုးများနှင့် အခြားသောပျက်စီးဆုံးရှုံးမှု သိန်းရာချီ ရှိခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်တွင် မြေငလျင်သုံးကြိမ်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းနှင့် ၈၂ လမ်းနှင့် ၈၄ လမ်းကြားရှိ စန္ဒာမုနိဘုရားစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် အရံစေတီ(အနောက်ဘက်)တော်၏ စိန်ဖူးတော်များပြုတ်ကျပျက်စီးသွားပြီးဘုရားကြီးရှိ ခြင်္သေ့ရုပ်ကြီးများ အက်ကွဲခြင်းများ ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ကျပ်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့ပြင် တမ္ပဝတီရပ်ကွက် ၈၄ လမ်းပေါ်၌လည်း မြေစွန်းဝန်ဘုရား၏ စိန်ဖူးတော်ပြုတ်ကျခြင်း၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ သားတော်ရဘုရား ထီးတော် အနည်းငယ် စောင်းသွားကာ ခြင်္သေ့ကြီး၏(ညာဘက်)၌ လည်း အက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှ ကျပ်သိန်း ၂၀ ဖြစ်ကြောင်း သိရသည်။
အလားတူပင် မြို့သစ်အမှတ်(၁)ရပ်ကွက်၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၊ ၆၈ လမ်းရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌လည်း အခန်း ၁၃ ခန်းရှိ နံရံများအက်ကွဲခြင်းနှင့် တံခါးမှန် ၇ ချက်ခန့် အက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုကာလတန်ဖိုးမှာ ၁၀ သိန်းကျပ် ဖြစ်ကြောင်းသိရပြီး သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းရှိ ရေလည်ကုသိနာရုံ ဆုတောင်းပြည့်ဘုရားရှိ ဂန္ဓကုဋီတိုက် အက်ကွဲခြင်း၊ ဘုရားကြီးဖောင်းရစ် အပေါ်ပိုင်း အက်ကွဲခြင်း၊ အနောက်မုခ်ဦးမှ ပန်းတွဲများပြုတ်ကျခြင်းတို့ ဖြစ်ပွားခဲ့ရာဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ရှိကြောင်းသိရသည်။
၎င်းအပြင် သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီး ပတ်လမ်းရှိ သာယာရွှေဂူဘုရား၏ အရန်စေတီ ၂ ဆူမှာလည်း အက်ကွဲခြင်းများ ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုကာလတန်ဖိုး ၁၀ သိန်းကျပ်ခန့်ရှိကြောင်း သိရသည်။
အဆိုပါငလျင်ဒဏ်ကြောင့် ၎င်းမြို့နယ်အတွင်းရှိ ပျက်စီးထိခိုက်မှုများ၏ ဆုံးရှုံးမှုကာလတန်ဖိုးစုစုပေါင်းမှာ ငွေကျပ် သိန်း ၁၉၀ ခန့်ရှိကြောင်း ခရိုင်ထွေအုပ်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။