October 23, 2024

MT News

Written by Nay Aung

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်ကြိုးပမ်းနေသည့် အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။

အာဆီယံနှင့် အီးယူတို့သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီးနောက် ပူးတွဲ သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပိုစ့်သတင်းဌာနကဖော်ပြထားသည်။

နစကအနေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီတွင် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ရရှိထားသည့်အာဆီယံ သဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးကတိများကို ပြန်လည်အမှတ်ရစေလိုကြောင်း၊ အာဆီယံသဘောတူညီချက်များကိုအကောင်ထည်ဖော်ရေးနှင့်ပတ်သက်ပြီး အချိန်မီလုပ်ဆောင်စေလိုကြောင်း၊ ဥရောပသမဂ္ဂနှင့် အီးယူတို့ ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဥရောပသမဂ္ဂနှင့် အီးယူတို့က “မြန်မာ့နိုင်ငံရေးအခက်အခဲပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်မိပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ကတစ်ဆင့် မြန်မာပြည်သူများရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးရယူနိုင်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ဥရောပသမဂ္ဂက ကူညီထောက်ပံ့ပေးမှုဆက်လုပ်သွားမှာပါ ” ဟုဆိုသည်။

ဒေသအတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးယူနိုင်အောင် ကတိများကို အကောင်ထည်ဖော်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် ၊ နိုင်ငံခြားသားများအပါအဝင်ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း ဥရောပသမဂ္ဂနှင့် အီးယူတို့ကဆိုသည်။

မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် အာဆီယံ သဘောတူညီချက် ငါးချက် အကောင်ထည်ဖော်ရာတွင်တိုးတက်မှုများရအောင်ကြိုးပမ်းခဲ့သော အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံကို ချီးကျူးကြောင်း ၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ကူညီပေးမှုများအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့က ဦးဆောင်အခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း ဥရောပသမဂ္ဂကဆိုခဲ့သည်။

Ref. phnompenhpost

Leave a Reply

Your email address will not be published. Required fields are marked *