October 23, 2024

MT News

ကံကောင်း – စပါးကြွယ် ဓာတ်အားလိုင်း စီမံကိန်း အပြီးသတ်ချိတ်ဆက်မည့် ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက်တွင် နေ့အချိန်များ၌ လျှပ်စစ်မီး ပိုမိုပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်ရာ၌ ဗို့အားအဆင့် ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့်သာ ပို့လွှတ်လျက်ရှိရာ ဓာတ်အားစနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိသဖြင့် ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်သည့်အခြေအနေမှ ကာကွယ်နိုင်ရန်နှင့် မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရန် ရည်ရွယ်၍ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) – စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း စီမံကိန်းအား ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစတင်၍ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အဆိုပါဓာတ်အားလိုင်းအား ရာနှုန်းပြည့်ပြီးစီးနိုင်ရန်အတွက် တောင်ငူပင်မ ဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်မျာတွင် နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေစဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အားခန့်မှန်း ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်သော်လည်း ညပိုင်းတွင် ပြန်လည် ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

ထိုသို့နေ့လယ်ပိုင်း လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်တွင် ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိ မောင်းနှင်၍ ဆက်လက်ဖြန့်ဖြူးနေမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း အချို့သောနေရာများ၌ ဝန်အားလျှော့ချခြင်း လုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ ကေဗွီ ဓာတ်အားစနစ်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *