October 23, 2024

MT News

Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုကဏ္ဍတွင် ကျပ် လေးဘီလျံနှင့် ဒေါ်လာ ၀ ဒသမ ၅ သန်း ပမာဏရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှစ်ခုကို ထပ်မံအတည်ပြုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းအားလုံးမှ အလုပ်အကိုင် ၈၀၀ ခန့်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မ,တည်ငွေရင်း ပမာဏသည် ကျပ် လေးဘီလျံကျော် (ကျပ် ၄၀၈၀ ဒသမ ၅ သန်း)နှင့် ဒေါ်လာ ၀ ဒသမ ၅ သန်းဖြစ်ပြီး စုစုပေါင်း လုပ်ငန်းနှစ်ခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၉၅ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၆ ခုအနက် ကုမ္ပဏီ လေးခုတို့အား မ,တည်ငွေရင်းပမာဏ ဒေါ်လာ ၂ ဒသမ ၄၈၃ သန်း တိုးမြှင့်ခွင့်နှင့် ကုမ္ပဏီ တစ်ခုမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၅၀၀ ဦးအတွက် တိုးမြှင့်ခန့်ထားခွင့်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၄ (ဇ)အရ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများသည် မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မှုကော်မရှင် (MIC)၏ ခွင့်ပြုချက်မယူဘဲ အတည်ပြုမိန့်ထုတ်ပေးနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *