၇.၅.၂၀၂၄
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဂျပန်ကျွန်းစုကျေးရွာတွင် မိုးကြိုးထိမှန်မှုကြောင့် လူ ၁ ဦးနှင့် နွား ၄ ကောင် သေဆုံးမှု မေလ ၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်းက လယ်ထဲရှိ မြေပဲများကို အိတ်များဖြင့်ထည့်ပြီး လှည်းဖြင့် ရွာထဲသို့ ပြန်လာစဥ် လမ်းခုလတ်၌ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရွာမှာက ဒီအချိန် မြေပဲကောက်တဲ့အချိန်ဆိုတော့ မြေပဲအိတ်တွေတင်ပြီး နွား၂ ကောင်ကို လှည်းမှာတပ်၊ ကျန်တဲ့၂ကောင်ကို လှည်းနောက်မှာ ချည်ပြီး ပြန်လာတုန်း မိုးကြိုးစက်ကွင်းထိပြီး လူရော နွားရော သေသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မေလ ၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း၊ အိုင်ကလောင်အကျဉ်းစခန်းနောက်ကြောတွင် လယ်ထွန်ရန် သစ်ပင်အောက်တွင် စောင့်ဆိုင်းနေသော လယ်ပိုင်ရှင်အမျိုးသား ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည်။ ထို့အပြင်
မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ နွား ၂၄ ကောင်သေဆုံးခဲ့သည်။