October 18, 2024

၁၇.၁၂.၂၀၂၂

Written By Naddy

လတ်တလောမှာ ပရိသတ်အားပေးမူကို အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် သုတအောင်က အနုပညာနဲ့ပတ်သက်လာရင် မရပ်သောပန်းတိုင်ကို သွားမှာမို့ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်သလို စိတ်ရော လူ ရော ဝီရိယ ဉာဏအပြင် မေတ္တာအားလုံးစိုက်ထုတ်ပြီးသွားမှာပါလို့ Myanmar Transparency News ကိုပြောပါတယ်။

“၂၀၁၀ လောက်ကတည်းက ရန်ကုန်ရောက်တာမို့ ကံဆိုးခြင်းတွေကို ကျွန်တော်အနေနဲ့ အများကြီး ကြုံခဲ့ရပါတယ်။ ကံဆိုးခြင်းတွေ ဒီထက်မက ကြုံခဲ့ရတာမို့ တော်ရုံအခက်အခဲကို ကံဆိုးတယ်လို့ မပြောတော့ပါဘူး။ ကျွန်တော့်အနေနဲ့ လူပီသအောင် နေထိုင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အဖေ ကိုထူးခန့်ကလည်း သင်ပေးထားတယ်။ လူပီသအောင်ပဲနေ အချိန်တန်ရင် အရာအားလုံးက သူ့ဟာနဲ့သူဖြစ်လာလိမ့်မယ်။ ကျွန်တော်က ဘယ်အထိသွားမလဲဆိုရင် ကျွန်တော့်ပန်းတိုင်က မရပ်သောပန်းတိုင်ပါ။ ရပ်နေတဲ့ ပန်းတိုင်ကိုသွားမှာ မဟုတ်ပါဘူး။ မရပ်သောပန်းတိုင်ကို သွားမှာမို့ ဘယ်တော့မှ ရပ်နေမှာမဟုတ်ပါဘူး။ ဒီအတွက် စိတ်ရောလူရော ဝီရိယရော ဉာဏအားရော အကုန်စိုက်ထုတ်ပြီးတော့ မေတ္တာပါထည့်ပြီးမှ သွားမှာပါ။ ပန်းတိုင်ရောက်မဲ့ လမ်း‌ကြောင်းကို ဖြေးဖြေးနဲ့ မှန်မှန်သွားမယ်။ အရာရာကို မလောပါဘူး။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်သွားမယ်။ ကျွန်တော်ကလည်း မရပ်သလို ကျွန်တော် ပန်းတိုင်လည်း ရပ်မသွားပါဘူး”လို့ သရုပ်ဆောင် သုတအောင်က ဆိုပါတယ်။

သုတအောင်ဟာ ၂၀၁၀ ပြည့်နှစ် ကတည်းက ရန်ကုန်ကို စတင်ခြေချခဲ့သူဖြစ်ပြီး MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲ “မာန်”၊ “အလင်းထဲကလူ” ၊ “မာယာလှည့်ကွက်” ၊ “မမှီဝဲနဲ့ကင်းအောင်နေ” ၊ “ဝိပါက” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး ပါ၀င်သရုပ်ဆောင်ခဲ့သူပါ။

လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့အတွက် အလုပ်လုပ်ရင်း အလှူအတန်းပါ တွဲဖက်လုပ်ကိုင်ဖြစ်နေ‌တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *