၁၆. ၁၂. ၂၀၂၂
Written by Nay Moe
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုဝင်ဘာ လကုန်ပိုင်းတွင် စက်လှေများဖြင့် ထွက်ခွာလာသည့် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ) များအတွက် NUG အလွန်စိုးရိမ်နေပြီး လူ ၁၀၀ ခန့်ပါ ပျောက်ဆုံးဘင်္ဂါလီစက်လှေကို အာဆီယံက ကူရှာပေးရန် အနူးအညွတ် မေတ္တာရပ်ခံသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။
NUG သတင်းရင်းမြစ်များ၏အဆိုအရ ဘင်္ဂါလီများ သယ်ဆောင်သော စက်လှေသုံးစင်းထက်မနည်းသည် နိုဝင်ဘာလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ခွာခဲ့သည်။
ဘင်္ဂါလီ ၁၅၄ ဦး တင်ဆောင်လာသည်ဆိုသော စက်လှေတစ်စင်းကို ဗီယက်နမ်ကမ်းလွန်ကုမ္ပဏီတစ်ခုက ကြားဖြတ်ကယ်ဆယ်ခဲ့ပြီး စက်လှေပေါ်ပါ ဘင်္ဂါလီများကို SAC ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့သည့် ဘင်္ဂါလီ ၁၈၀ ကျော် တင်ဆောင်လာသော ဒုတိယမြောက်စက်လှေသည် မလက္ကာရေလက်ကြားတွင် အင်ဂျင်ပျက်ကာ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံပိုင်နက်အနီး ကျောက်ချထားသည်။ စက်လှေပေါ်ပါ ကလေးငယ်တစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားလူအများအပြားမှာလည်း ပြင်းထန်သော ရေဓာတ်ကုန်ခန်းမှုနှင့် အစားအစာပြတ်လပ်မှုများ ကြုံတွေ့နေသည်။ တတိယမြောက်စက်လှေမှာလည်း မည်သည့်နေရာသို့ ရောက်ရှိသည်ကို မသိရဘဲ စက်လှေပေါ်ပါသူများအားလုံး ဘေးအန္တရာယ်ကင်းရေးအတွက် စိုးရိမ်မှုများ ရှိနေသည်။ ခန့်မှန်းခြေ ဘင်္ဂါလီ ၁၀၀ တင်ဆောင်လာသော အဆိုပါ တတိယမြောက်စက်လှေသည် နိုဝင်ဘာ ၂၅ ရက်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့သည်။
ထို့အတွက် မလက္ကာရေလက်ကြား၌ သောင်တင်နေသော ဘင်္ဂါလီများကို အရေးပေါ် အကူအညီပေးရန်နှင့် ပျောက်ဆုံးနေသော တတိယမြောက် စက်လှေ၏ တည်နေရာသိရှိနိုင်စေရန် အရေးပေါ် ကြိုးပမ်းမှုများကို ပံ့ပိုး ကူညီကြရန် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အာဆီယံအဖွဲ့ နှင့် အဖွဲ့ဝင်နိုင်ငံများကို အနူးအညွတ်မေတ္တာရပ်ခံပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။