၅. ၅ .၂၀၂၄
Written by Hey Mar
လမ်းထိပ်အုတ်ခုံမှာ အရက်ထိုင်သောက်နေတဲ့ အမျိုးသားတစ်ဦး ရိုက်နှက် အသတ်ခံရတဲ့ဖြစ်စဥ် မနေ့က မေလ ၄ ရက် ည ၁၁ နာရီအချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၈) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားခဲ့တဲ့ ရှင်သန်ခွင့် လူမှုကူညီရေးအသင်းထံက သိရပါတယ်။
ဖြစ်စဥ်မှာ သတ်ဖြတ်သွားသူတွေနဲ့ ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာကို သေချာ မသိရှိရသေးဘဲ အသတ်ခံရသူက တောင်ဒဂုံ (၁၈) ရပ်ကွက်၊ ကျွန်းရွှေမြိုင် (၁) လမ်းမှာ နေထိုင်သူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး အဆိုပါ လူသတ်မှုဖြစ်ပွားတဲ့နေရာက ရုပ်အလောင်းကိုသယ်ဆောင်ပေးဖို့ သက်ဆိုင်ရာက ရှင်သန်ခွင့်လူမှုကူညီရေးအသင်းကို ညွှန်ကြားတာကြောင့် သွားရောက်ကူညီကြောင်း သိရပါတယ်။
ရှင်သန်ခွင့်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “နောက်စေ့ကို အရိုက်ခံရတာပါ။ ညာလက်ဖျံရိုးလည်းကျိုးနေပါတယ်။ နောက်စေ့ဦးဆက်ကွဲ သွေးထွက်ဒဏ်ရာနဲ့ ကျွန်တော်တို့ရောက်ကတည်းက သေဆုံးနေတာပါ” လို့ MT News ကို ပြောပါတယ်။
ရုပ်အလောင်းကို ဖြစ်ပွားရာနေရာကနေ စံပြဆေးရုံ ရင်ခွဲရုံကို ရှင်သန်ခွင့် အသင်းပိုင်ယာဥ်နဲ့ ပို့ဆောင်ရာ ရင်ခွဲရုံက PR-83 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။


