၄. ၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် မေလ ၂ ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၇၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
တက်ခ်ပြည်နယ်ရဲမှူးချုပ် ဆမ်ရစ်အက်ကာမွန် ဦးဆောင်သောရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Phop Phra Klang ကျေးရွာဝန်းကျင်ကို စုံစမ်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၅၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသား ၅၅ ဦးထဲတွင် အမျိုးသား ၃၃ ဦးဖြစ်ပြီး အမျိုးသမီး ၂၂ ဦးပါဝင်ကာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသူများဖြစ်ကြောင်း အက်ကာမွန်က ပြောသည်။
အဆိုပါမြန်မာနိုင်ငံသားများထဲမှ အချို့သည် ဖူးခက်မြို့နှင့် ဘန်ကောက်မြို့သို့ သွားရောက်ရန် စီစဉ်ထားသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်ရန်အတွက် ပွဲစားဖြစ်သူကို တစ်ဦး ဘတ် ၃ သောင်းအထိ ပေးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထို့အပြင် တက်ခ်ပြည်နယ် ဘမ်တက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသား ၁၉ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ပွဲစားနှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဖမ်းမိသော မြန်မာနိုင်ငံသား ၁၉ ဦးသည် တရားဝင်စာရွက်စာတမ်းအထောက်အထားများမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ဖမ်းဆီးရမိသောသူများထဲတွင် အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ကြောင်း ဘမ်တက်ရဲစခန်းမှသတင်းထုတ်ပြန်ထားသည်။
REF ,matichon