၄. ၅. ၂၀၂၄
Written by Nyein Kyaw
လက်ရှိတွင် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ဝန်အားလျှော့ချရခြင်းများ ဆက်လက် ဆောင်ရွက်နေရသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ပိုမိုရှည်ကြာမှုများကို လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်ပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးထားသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတရံ သတ်မှတ်ကြိမ်နှုန်း (Frequency) အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန (National Control Centre) အရေးပေါ် ဝန်အားလျှော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကို ပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာ ဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုကဲ့သို့ Frequency Load Shed ဆောင်ရွက်ရမှုများကြောင့် ပြတ်တောက်ချိန် ပိုမိုရှည်ကြာမှုများကို လျှော့ချနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်မပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ စောင့်ကြည့်ကြီးကြပ်သည့်အဖွဲ့များ ဖွဲ့စည်း၍ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲမှုများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သတင်းမီဒီယာများတွင် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို အခြေခံ၍ တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းသွားရောက် စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်များ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံ ၅ ရုံမှ ထွက်ရှိသည့် ဓာတ်အားများ ပို့လွှတ်နေသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေခြင်းတို့ကြောင့် လက်ရှိတွင် ထုတ်လုပ်မှု ၇၉၉ မဂ္ဂါဝပ်လျော့ကျနေခြင်းဖြစ်သည်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရခြင်းဖြစ်သော်လည်း ယခုကာလတွင် တစ်ရက်ပျှမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။
ပုံစာ- မေလ ၂ ရက်က လေပွေလှိုင်းတိုက်ခတ်မှုဒဏ်ကြောင့် တိုင်ထိပ်ကျိုးသွားသည့် ၂၃၀ ကေဗွီ ရွှေစာရံ-ဘဲလင်း Double Circuit ဓာတ်အားလိုင်းအား နေ့ချင်းပင် ပြန်လည်ပြုပြင်ခဲ့မှုကိုတွေ့ရစဉ်။