၄ . ၅. ၂၀၂၄
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက မေလ ၂ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို Khit Thit မီဒီယာက ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း ရှင်းလင်းချက်ကို SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါလုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတိုင်းခြုံကျေးရွာနှင့် ပခုက္ကူနည်းပညာတက္ကသိုလ်သို့ သွားရောက်သည့် လမ်းလုံခြုံရေး ဆောင်ရွက်ရန်ထွက်ခွာစဉ် PDF များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပန်းတိုင်းခြုံကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရကြောင်း ဖြေရှင်းထားသည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် ရုပ်သံဖိုင်နှင့် သတင်းများအရ လုံခြုံရေးစစ်ဆေးရန် ခြေလျင်ထွက်ခွာလာသည့်ရဲတပ်ဖွဲ့ဝင်များကို PDF များက ပန်းတိုင်းခြုံရွာဦး လမ်းဘေးဝဲယာမှ အုတ်နံရံများကို အကာအကွယ်ယူ၍ ချောင်းမြောင်းစောင့်ကြို ပစ်ခတ်သတ်ဖြတ်လိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့သလို ပစ်ခတ်သတ်ဖြတ်သည့် ရေစကြို PDF များကလည်း အဆိုပါ သတ်ဖြတ်မှုကို ကျုးလွန်ကြောင်း၊ ရဲတပ်ဖွဲ့ထံမှ သေနတ် ၇ လက်ရရှိကြောင်း ခေတ်သစ်အပါအဝင် NUG ထောက်ခံသည့် မီဒီယာများကို ဖြေဆိုထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်ကလည်း ပန်းတိုင်းခြုံရွာအနီးရှိ ပခုက္ကူနည်းပညာတက္ကသိုလ်လုံခြုံရေးတာဝန်ယူထားသည့် စရဖတပ်ဖွဲ့ဝင် ကျော်နိုင်ဝင်းဆိုသူကို ရေစကြိုအခြေစိုက် PDD များဖြစ်သည့် Southern YSO PDF အဖွဲ့နှင့် ပြည်သူ့အားမာန် PDF အဖွဲ့တို့က သတ်ဖြတ်ထားပြီး အဆိုပါ ပန်းတိုင်းခြုံရွာမှာလည်း ပခုက္ကူမြို့နယ်တွင် ပါဝင်သော်ငြား ရေစကြို PDF များ အဓိကလှုပ်ရှားရာနေရာဖြစ်သည့်အပြင် အဆိုပါလမ်းပိုင်းတွင် တရုတ်အထည်ချုပ်စက်ရုံမန်နေဂျာနှင့် စကားပြန်ကို ပြန်ပေးဆွဲမှုနှင့် SAC အစိုးရ၏တင်ဒါ ရေစကြိုမြို့ပေါ် ကျောင်းဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပိုင်ရှင်၊ အင်ဂျင်နီယာနှင့် လုပ်သား စုစုပေါင်းငါးဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်းကို ရေစကြို PDF များက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ထားကာ အများစုကိုမူ ဝန်ခံခြင်းမရှိဘဲ NUG နှင့် PDF ထောက်ခံသည့် Exile မီဒီယာများကသာ SAC အစိုးရ၏လုပ်ငန်းများနှင့် ဆက်နွှယ်ပတ်သက်၍ သတ်ဖြတ်ခံရကြောင်း သတင်းထုတ်ပြန်ရေးသားခဲ့ကြသည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။
ပုံစာ။ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို PDF များ ချောင်းမြောင်းပစ်ခတ်နေမှု ရုပ်သံဖိုင်နှင့် ရှင်းလင်းချက်။