◾ ငွေအတုများ လက်ဝယ်တွေ့ရှိပါက အရေးယူခံရနိုင်၍ ပြည်သူများ ငွေစက္ကူအတု၊ အစစ် ခွဲခြားနိုင်သော အချက်အလက်များကိုပါ ပူးတွဲထုတ်ပြန်
၃. ၅. ၂၀၂၄
Written by Nyein Kyaw
ကျပ်ငွေအတုများကို လူမှုကွန်ရက်စာမျက်နှာများအပြင် အိမ်အရောက်ငွေချေစနစ်၊ ကားဂိတ်တင်ပေးသော ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် ကျပ်ငွေအတုမှန်းသိလျက် အသုံးပြုသူများကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ငွေစက္ကူအတု ရောင်းဝယ်သူများ၏ အကောင့်များအပြင် Group များ ထွက်ပေါ်ခဲ့သလို ငွေစက္ကူရောင်းဝယ်သူများက အိမ်အရောက်ငွေချေခြင်း၊ လူတွေ့ငွေချေခြင်း၊ ငွေကြိုလွှဲပြီး ကားဂိတ်တင်ပေးသော ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြကြောင်း ပြောဆိုရေးသားခြင်းများ တွေ့ရှိရ၍ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ငွေစက္ကူအတု ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၁ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၉၆ ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ၄၁ ကြိမ် ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ တွင် “မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ငွေဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ” ဟု ပါရှိပြီး ၎င်းတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၁၀၅ အရ ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အတုမှန်းသိလျက် သုံးစွဲခြင်းမဖြစ်စေရန် အတု၊ အစစ် စိစစ်ခွဲခြားနိုင်ရန်အတွက် ငွေစက္ကူစတင်ထုတ်ဝေမှုပြုစဉ်ကပင် ယင်းငွေစက္ကူနှင့် ပတ်သက်သော လုံခြုံရေးအချက်အလက်များကို TV သတင်း၊ သတင်းစာနှင့် ဘဏ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ကြေညာဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ငွေစက္ကူနဲ့ ပတ်သက်သော လုံခြုံရေးအချက်အလက်များ၊ သွင်ပြင်လက္ခဏာများကို TV၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website ၊ သတင်းစာများတွင် ထုတ်ပြန်ပေးထားသည်။
ကိုယ်ကျိုးရှာသူများကြောင့် ငွေစက္ကူအတုများကို အကြောင်းအမျိုးမျိုးဖြင့် လက်ခံရရှိသူများအနေဖြင့် နစ်နာမှုများဖြစ်ကြရပြီး ဥပဒေအရ အရေးယူခံရမှုများရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် ငွေစက္ကူအတုလက်ဝယ်လက်ခံရရှိပြီး နစ်နာဆုံးရှုံးမှုမဖြစ်စေရန်၊ ငွေစက္ကူအစစ်များကြားတွင် ညှပ်ထည့်ခြင်း၊ ရောနှောသုံးစွဲခြင်းများကို စိစစ်နိုင်စေရန်အတွက် ငွေစက္ကူ အတု၊ အစစ် ခွဲခြားနိုင်သော အချက်အလက်များကို ကိုယ်တိုင်သိရှိပြီး စစ်ဆေးဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ငွေစက္ကူအတုနှင့်အစစ်မှာ များစွာကွာခြားပြီး ငွေစက္ကူအတုမှာ Colour Printer ဖြင့် မိတ္တူကူးဖြတ်တောက်ထားခြင်းဖြစ်သည်။ အလွယ်ကူဆံးစစ်ဆေးနိုင်ခြင်းမှာ ငွေစက္ကူတွင် ရိုက်နှိပ်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းနှင့် ငွေတန်ဖိုးနေရာများကို လက်ညိုး၊ လက်မဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းတမ်းသောထိတွေ့မှုကို ခံစားရပြီး ငွေစက္ကူအတုများတွင် ပြောင်ချောနေသော ထိတွေ့မှုကို ခံစားရခြင်းဖြစ်သည်။
ငွေစက္ကူလုံခြုံရေးကြိုးကို အတည့်ကြည့်ခြင်း၊ တိမ်းစောင်းကြည့်ခြင်းအားဖြင့် မတူညီသောအရောင်များကို ပြောင်းလဲမြင်တွေ့ရနိုင်သော်လည်း ငွေစက္ကူအတုတွင် ပြောင်းလဲမှုမရှိဘဲ တစ်ရောင်တည်းကိုသာ မြင်တွေ့ရသည်။ ထို့ပြင် ငွေစက္ကူ၏ မျက်နှာပြင်ပေါ်တွင် အနုစိတ်စားလုံးပေါင်းများစွာ ရိုက်နှိပ်ထားသည့်အတွက် သာမာန်အားဖြင့် မျက်စိဖြင့်ကြည့်လျှင် မမြင်တွေ့ရဘဲ မှန်ဘီလူး သို့မဟုတ် လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်၍ Zoom ဆွဲကြည့်ပါက ထင်ထင်ရှားရှားမြင်တွေ့နိုင်ကြောင်း ငွေစက္ကူအတုများတွင် စာလုံးအဖြစ် မမြင်တွေ့နိုင်ဘဲ ဆေးသားများ ပြန့်နှံ့နေသည်ကိုသာ တွေ့ရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ငွေအတုရောင်းချနေသူများသည် “အကြွေးတွေ ဖြေရှင်းလိုရမယ်၊ ဆိုင်ကယ် ဝယ်ရောင်းလုပ်မလား၊ ဈေးဝယ်မလား လိုသလိုအသုံးချတက်ဖိုပဲ လိုပါတယ်” ဟုဆိုကာ မြန်မာကျပ်ငွေအတု ပမာဏ၏ ငွေအစစ်တန်ဖိုး ၁၀ ရာခိုင်နှုန်းသာ ပေးရခြင်းဖြစ်သည်။ (ဥပမာ ငွေအစစ်ကျပ်ငါးသောင်းပေးပါက ငွေအတုကျပ်ငါးသိန်းအထိရရှိမည်ဆိုကာ လိမ်လည်ခြင်း ဖြစ်သည်။)
ထို့ကြောင့် ပြည်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရန်အတွက် ဗဟိုဘဏ်က အသိပေးဖော်ပြထားသော အတု၊ အစစ် ကွဲပြားမှုများကို သိရှိပြီး စိစစ်ဆောင်ရွက်နိုင်ကြောင်းနှင့် အကယ်၍ ငွေစက္ကူအတု တွေ့ရှိပါက ဘဏ်များ၊ လုံခြုံရေးရဲတပ်ဖွဲ့များကို သတင်းပို့ပြီး အတုဆောင်ရွက်မှု သတင်းအရင်းအမြစ်များကို ဖော်ထုတ်အရေးယူနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးရန်ကိုလည်း မေတ္တာရပ်ခံထားသည်။
