၃.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းဈေး၊ ဈေးရုံ အမှတ်(၁) မှ သန့်ရှင်းရေး အမျိုးသားလုပ်သားတစ်ဦးမှာ နေအပူရှိန် မြင့်တက်မှုကြောင့် မူးလဲရာမှ ဦးနှောက်သွေးကြောပြတ်မှု မေလ ၃ ရက် မွန်းလွဲ ၃ နာရီကျော်က ဖြစ်ပွားခဲ့သည်။
သန့်ရှင်းရေးလုပ်သားမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
တညင်းကုန်းစျေးတွင် သန့်ရှင်းရေးလုပ်သားတစ်ဦး မူးလဲကျနေသဖြင့် ပြည်သူတစ်ဦးက တွဲလက်လူမှုကူညီရေးအသင်းထံ ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် လူနာတင်ယာဉ် ၁ စီးဖြင့် အသင်းဝင် ၂ ဦးက သွားရောက်ကာ မူးလဲကျနေသောလူနာကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကူညီပေးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ရောက်သွားတော့ လူနာက လဲကျပြီး သတိလစ်နေတယ်။ ရှေးဦးသူနာပြုစုပြီး ဆေးရုံကိုပို့ဆောင်ပေးလိုက်ပါတယ်။ ဆေးရုံရောက်တော့ အောက်ဆီဂျင်တွေပေးပြီး ဆေးဝါးကုသမှုပေးသလို၊ လဲကျတုန်းက သန့်ရှင်းရေးလုပ်သားတစ်ယောက်တည်းဖြစ်တာမို့ မိသားစုနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် လူနာမှာ သတိလစ်နေပြီး ဆေးဝါးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။