October 30, 2024

SAC ဥက္ကဋ္ဌထံ NCA လက်မှတ်ရေးထိုးထားသူများ လာရောက်တွေ့ဆုံစဥ်

၁၆. ၁၂. ၂၀၂၂
Written By Myo Khine

အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေကြောင်း ငြိမ်းချမ်းရေးဖြစ်စဥ် ဦးဆောင်မှုအဖွဲ့ (PPST)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က MT News သို့ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ထံ ကမ်းလှမ်းချက် အဆင်မပြေ ဖြစ်မှုအပေါ် အခြေခံ၍ ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောကျော်ညွန့် အနေဖြင့် PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် အပြင် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံမည့် အစီအစဉ်တွင်လည်း ဦးဆောင်ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ ကြီးကြီးမားမား စိန်ခေါ်မှု ရှိနေပါတယ်။ အခုက တစ်နိုင်ငံလုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကလည်း နိစ္စဓူဝ ရှိနေတယ်။ အရင်တုန်းကထက် ဆန်းသစ်တဲ့ အဖွဲ့တွေလည်း ပေါ်လာတာကြောင့် ကျွန်တော်တို့ မျှော်မှန်းနေတဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကတော့ တော်တော်လေးကို ကြီးကြီးမားမား စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေ တွေ့နေရတာကတော့ အမှန်ပါပဲ။ သို့သော်လည်းပဲ ဒီလိုမျိုး ပဋိပက္ခတွေ အကျပ်အတည်းတွေ ဖြစ်ရတဲ့အကြောင်းရင်းက နိုင်ငံရေးပြဿနာကြောင့် ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို တည်ဆောက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆိုတာကလည်း သဘောတူခဲ့ပြီးသား၊ နားလည်မှုရှိခဲ့ပြီးသားဖြစ်တယ်။ ဒီလိုမျိုးအခြေခံကောင်းတွေကို အရင်က ရရှိခဲ့ပေမဲ့ အခုလိုအချိန်မှာ တကယ်လက်တွေ့ကျတဲ့ နိုင်ငံရေးတွေ့ဆုံမှုကို ဖော်ဆောင်ဖို့ ဆိုတာကတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကသာလျှင် ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ ပေးဆပ်မှု အနည်းဆုံး လမ်းကြောင်းကို လိုတာကြောင့် မျှော်လင့်ချက် တော်တော်လေး မရှိတဲ့ကြားကနေ ဆက်လက်ပြီးတော့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။

ယင်းတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စများတွင် သက်ဆိုင်သူများပါဝင်ရန် တစိုက်မတ်မတ်လုပ်နေပြီး မကြာသေးမီ ရက်ပိုင်းက တွေ့ဆုံရန် ကမ်းလှမ်းခဲ့သည်မှာလည်း နေပြည်တော်သို့ သွားလက်စအဖွဲ့ ၇ ဖွဲ့ အနေဖြင့် သက်ဆိုင်သူများ ပါဝင်ရေးဆိုသည့်ဘက်သို့ တက်လှမ်းနိုင်ရန် လမ်းစများရမလားဟု တွေးဆချဉ်းကပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် အခက်အခဲ ရှိနေနိုင်သည်ဟု သုံးသပ်မိကြောင်း သူက ဆက်လက်ပြောပြသည်။

“နစက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ အနေနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုအပြီး စုပေါင်း ပြန်လည်သုံးသပ်ကြတဲ့အခါ အဖွဲ့တိုင်းမှာ တူညီတဲ့ အချက်လေးချက်လောက်ရှိတာပေါ့။ တစ်ဖွဲ့ချင်းစီ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကိစ္စရပ်တွေ၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မယ့် ကိစ္စရပ်တွေ၊ ပါတီစုံစနစ်ကို ဖော်ဆောင်မယ့် ကိစ္စရပ်တွေကို သဘောတူညီမှု ရရှိထားကြတယ်။ ဒီအပေါ်မှာ စုပေါင်းပြီးဆွေးနွေးလို့ရအောင် NSPNC ကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်။ ဒီဇင်ဘာ ၇ ရက်မှာ ပေးပို့တယ်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ အကြောင်းပြန်တယ်။ လှုပ်ရှားမှုအရတော့ အပြန်အလှန် အသိအမှတ်ပြုတယ်လို့ မြင်ရပေမဲ့ သူတို့ဘက်က အဆင်မပြေသေးတာကြောင့် ၁၂ ရက်နေ့မှာ တွေ့ဆုံဖို့ အကောင်အထည်ဖော်ဖို့ မဖြစ်ခဲ့တာ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းက ခက်ခဲနက်နဲ ကျပ်တည်းမှုတွေကို ရင်ဆိုင်နေရတယ်။ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံအနေအထားအခင်းအကျင်းအောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကြားမှာပဲ ဖြစ်ဖြစ် နားလည်မှုမတူတာတို သဘောထားမတိုက်ဆိုင်တာတို့ ရှိခဲ့သလို တစ်ဖက်ကလည်း အဲလို အခက်အခဲ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆိုသည်။

နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော EAO ၇ ဖွဲ့မှာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်ကြသည်။

“လက်ရှိ ဖြစ်နေတဲ့ တစ်တိုင်းပြည်လုံးကိစ္စရပ်ကြီးက အရင် ဖြစ်နေ ကြုံခဲ့ ကြားခဲ့ ဖတ်ခဲ့ဖူးတဲ့ အဖြစ်အပျက်ထက် အများကြီး နက်ရှိုင်းပါတယ်လေ။ ဒီအချိန်မှာစိတ်ပျက်တာ အားငယ်တာ လူတိုင်းမှာ ရှိတယ်။ မကြုံစဖူး အနိဌာရုံတွေနဲ့ ဖြတ်ကျော်နေရတဲ့ အချိန်မှာ ကျွန်တော်တို့က လက်လှမ်းမီတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်း၊ လုပ်နည်းလုပ်ဟန်တွေအပေါ်မှာလည်း ဝေဖန်မှုတွေ ၊ပြစ်တင်ကဲ့ရဲ့မှုတွေ နေ့စဉ်ကြုံနေရတယ်။ ရှုထောင့်မျိုးစုံက ရှိနေတာ၊ မြင်နေကြားနေတော့ သိနေရပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်က တူတယ်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းချင်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အမွေကောင်းတစ်ခုပေါ့”ဟု ယင်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းသည့်အပေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က အဆင်မပြေသေးဟု အကြောင်းပြန်သည်မှာ မည်သည့်အခက်အခဲကြောင့် ဖြစ်သည်ကို နစက သတင်းပြန်ကြားရေးအဖွဲ့ထံ မေးမြန်းရန် MT News က အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ဘဲ ဆက်သွယ်ရရှိပါက ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *